News

POST TYPE

LATEST NEWS POST

ငြိမ်းချမ်းရေးညီလာခံမတိုင်မီ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည်
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ  ၂၅

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး သတ်မှတ်ထားသည့် အချိန်ကာလကျင်းပရေးနှင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ကြေညာချက် ထုတ်ပြန်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့၏ ၂၀ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါနှစ်ပတ်လည်အစည်းအဝေးအပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

RCSS အနေနှင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအပြင် ၂၀၂၀ ပြည့်နှစ်မတ်လ ဒုတိယအပတ်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးနှင့် ပစ်တ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးများသို့ RCSS ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အစိုးရ၊ တပ်မတော်၊ အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း RCSS က ဆိုသည်။

ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၏ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များပါ ပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစသည့်လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေးကို လာမည့် ဧပြီလအတွင်း ကျင်းပပြုလုပ်ရန်အစိုးရနှင့် NCA ထိုး တိုင်းရင်းသားလက်နက်ကိုင်များအကြား သဘောတူထားပြီး အဆိုပါ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များအနေနှင့်လည်း ညီလာခံမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရရှိရေး တောင်းဆိုနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် တတိယအကြိမ် အစည်းအဝေးမတိုင်မီက ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအတွက် ကျင်းပမည့်နေရာ ညှိုနှိုင်း၍ မရရှိခဲ့သောကြောင့် ကျင်းပရမှုမရှိသေးခြင်းဖြစ်သည်။

S-04