News

POST TYPE

LATEST NEWS POST

ထရမ့်၏ အိန္ဒိယခရီးစဉ်အတွင်း စံချိန်တင်လူအုပ်ကြီးဖြင့် ကြိုဆိုမည်
25-Feb-2020


ဂန်ဒီနာဂါ၊ ဖေဖော်ဝါရီ ၂၄

အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့်၏ အိန္ဒိယသို့ ပထမဆုံးခရီးစဉ်အတွင်း ဧရာမလူအုပ်ကြီးဖြင့် ကြိုဆိုရန်အတွက် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒြာမိုဒီက ပြင်ဆင်ထားကြောင်း သတင်းများက ဖော်ပြထားသည်။

“နမတ်စတေးထရမ့်” ဟု အမည်ပေးထားသည့် အဆိုပါအစီအစဉ်တွင် ကမ္ဘာ့အကြီးဆုံး ခရစ်ကတ်အားကစားကွင်းကြီးအတွင်း လူတစ်သိန်းခန့် တက်ရောက်နားထောင်မည့် ထရမ့်၏ မိန့်ခွန်းအစီအစဉ်လည်း ပါဝင်သည်။

အိန္ဒိယဝန်ကြီးချုပ် အမေရိကသို့ ပြီးခဲ့သည့်နှစ်က လာရောက်ခဲ့စဉ်ကလည်း ဟောင်ဒီမိုဒီဆိုသော အစီအစဉ်ဖြင့် ဟူစတန်ပြည်နယ်တွင် ထရမ့်အစိုးရက ကြိုဆိုခဲ့ရာ အလွန်အောင်မြင်ခဲ့သည့် အခမ်းအနားဖြစ်သည်။

အမျိုးသားရေးဝါဒီ တိုင်းပြည်ခေါင်း ဆောင်နှစ်ဦး၏ ခင်မင်ရင်းနှီးမှုတစ်ရပ်အဖြစ် မီဒီယာများက ရှုမြင်ခဲ့ကြသည်။

အိန္ဒိယဝန်ကြီးချုပ်နှင့် အမေရိကန် သမ္မတတို့ နယူးဒေလီမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက်တွင် သမ္မတကတော် မီလာနီယာထရမ့်နဲ့အတူ တက်ဂျ်မဟာ အဆောက်အအုံသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။ 

အိန္ဒိယသည် အမေရိကန်ပြည်ထောင်စု၏ ပြိုင်ဘက် ဆူပါပါဝါတရုတ်နှင့် ဒေသတွင်း ပြိုင်ဘက်နိုင်ငံဖြစ်ကာ အမေရိက၏ အင်ဒိုပစိဖိတ်နိုင်ငံခြားရေးမဟာဗျူဟာ၏ အဓိကလက်တွဲဖက်နိုင်ငံတစ်ခုလည်း ဖြစ်သည်။ 

“သမ္မတဟာ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ပြသတဲ့အနေနဲ့ အိန္ဒိယသို့သွားတာ ဖြစ်ပါတယ်” ဟု အမေရိကန်အစိုးရ အကြီးတန်းအရာရှိက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် တိုင်းပြည်ခေါင်းဆောင်နှစ်ဦးကြား ရင်းနှီးခင်မင်မှုကြောင့် ပိုမိုအင်အားရှိခဲ့ကြောင်းလည်း အမေရိကန်အစိုးရဘက်က ပြောကြားထားသည်။

မိုဒီ၏ အမာခံနယ်မြေ ဂူဂျာရက်ပြည်နယ်တွင် ထရမ့်နှင့် သမ္မတကတော် မီလာနီယာ ထရမ့်၊ အိန္ဒိယဝန်ကြီးချုပ်တို့၏ ပုံကြီးများကို ကြီးမားစွာ စိုက်ထူထားသည်ကို တွေ့ရသည်။

အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယတို့သည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးများဖြစ်ကြကာ ယခု ထရမ့်ခရီးစဉ်အတွင်း လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ထိုးကြမည်ဖြစ်သည်။

F-02