News

POST TYPE

LATEST NEWS POST

ငပုတောရှိ အိမ်ထောင်စုငါးသောင်းကျော်ကို ကိုရီးယားအထောက်အပံ့ဖြင့် စွမ်းအားမြင့် မီးဖိုများ အခမဲ့ပေးဝေ
25-Feb-2020

စွမ်းအားမြင့် မီးဖိုများ ပေးဝေနေသည်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ်

ပုသိမ်၊ ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၅၄,၀၀၀ ကို ကိုရီးယားနိုင်ငံ၏ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေးဌာနက ဦးဆောင်ကာ စွမ်းအားမြင့် မီးဖိုများထောက်ပံ့ပေးလျက်ရှိကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၂၇,၀၀၀ ကို ပထမအကြိမ်ပေးဝေခဲ့ကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိန်သန်းက ပြောကြားသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KOICA) နှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းပြီး အခမဲ့ပေးဝေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ထင်းအသုံးပြုမှု လျှော့ချနိုင်ဖို့ပါ။ ထင်းလျှော့ချသုံးစွဲရင် သစ်တောပြုန်းတီးတာတွေ လျော့ကျသွားနိုင်မယ်၊ လောင်စာကို လျှော့ချသုံးတဲ့အတွက် ကာဗွန်ထုတ်လုပ်တာတွေကို လျှော့ချချင်တဲ့ရည်ရွယ်ချက်နဲ့ လျှပ်စစ်မီးမရတဲ့ဒေသက ထင်းမီးဖို သုံးစွဲတဲ့အိမ်ထောင်စုတွေကို အဓိကထားပေးဝေမယ်”ဟု ဦးစိန်သန်းက ရှင်းပြသည်။

ငပုတောမြို့နယ်အတွင်း ပထမအကြိမ် စွမ်းအားမြင့်မီးဖို အခမဲ့ပေးဝေခြင်းအစီအစဉ်ကို ဖေဖော်ဝါရီလ ၂၃ ရက် နေ့ကစတင်ခဲ့ပြီး ယင်းမီးဖိုဖြန့်ဝေပေးရန် စီစဉ်ထားသည့် ကျေးရွာအုပ်စု ၂၇ အုပ်စု အနက်မှ ကျေးရွာအုပ်စု ၁၈ စုရှိ အိမ်ထောင် စု ၆၀၀ အတွက် မီးဖိုများပေးအပ်ခဲ့ပြီး မီးဖိုသုံးစွဲပုံ နည်းစနစ်နှင့် အကျိုးသက် ရောက်မှုများကို ကျွမ်းကျင်သူများက ရှင်းပြပေးခဲ့ကြောင်း ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

“မသုံးဖူးသေးတော့ စမ်းသုံးရမှာပဲ၊ မီးဖိုက ထင်းကုန်တာ သက်သာတယ် မီးခိုးမထွက်ဘူးပြောတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်၊ ငွေကြေးကုန်တာပါ တစ်ဝက်လောက် သက်သာတာဆိုတော့ ထင်းသုံးတဲ့ဒေသတွေမှာ များများပေးနိုင်ရင် ပိုကောင်းမယ်” ဟု ကျောက်ချောင်းကြီးကျေးရွာမှ ဒေါ်မေရီအောင်က ပြောဆိုသည်။

တောင်ကိုရီးယားနိုင်ငံ၏ထောက်ပံ့မှုဖြင့် ပေးဝေလျက်ရှိသော စွမ်းအားမြင့် မီးဖိုများကို ကိုရီးယားနည်းပညာဖြင့် ရွှေဘိုမြို့နယ် ကျောက်မြောင်းကျေးရွာတွင် ပြုလုပ်ကြောင်း၊ ငပုတောမြို့နယ်သို့ မီးဖို အလုံးပေါင်းနှစ်သောင်းကျော်ရောက်ရှိနေပြီဖြစ်ကာ ဟိုင်းကြီးမြို့အတွက် အလုံး ၇၀၀၀ ပေးဝေရန် စီစဉ်ထားကြောင်း၊၂၀၁၈ ခုနှစ်ကလည်း ဧရာဝတီတိုင်း လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဆောင်ကာ ဧရာဝတီတိုင်းအတွင်း စွမ်းအားမြင့်မီးဖို ငါးသိန်း အခမဲ့ပေးဝေခဲ့ဖူးကြောင်း တိုင်းအစိုးရရုံးထံမှသိရသည်။

R-04