News

POST TYPE

LATEST NEWS POST

တရုတ်မဟုတ်သော အခြားနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်၊ တစ်ကမ္ဘာလုံး ကူးစက်ဖြစ်ပေါ်သည့် ကပ်ရောဂါအဆင့်ရောက်မည်ကို စိုးရိမ်
25-Feb-2020


ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၄ 

တရုတ်နိုင်ငံအပြင်ဘက်ရှိ အခြားနိုင်ငံများတွင် COVID-19 ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ဖြစ်ပွားမှုများ ဆက်တိုက်ပေါ်ပေါက်လာခြင်းကြောင့် အဆိုပါဗိုင်းရပ်စ်ကူးစက်မှုသည် ကမ္ဘာအနှံ့ဖြစ်ပွားသော ကူးစက်ရောဂါကြီးတစ်ခု အဆင့်သို့ ရောက်ရှိလာမည်ကို စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု အများစုမှာ တရုတ်ပြည်တွင်ဖြစ်သော်လည်း တောင်ကိုရီးယား၊ အီတလီနှင့် အီရန် အပါအဝင် အခြားနိုင်ငံများတွင်ပါ ကူးစက်ဖြစ်ပွားမှုများ သိသိသာသာမြင့်တက်လာသည်။ 

လက်ရှိအနေအထားတွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပေ။ 

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ရာ ဗဟိုချက်ဖြစ်သော ဝူဟန်မြို့နှင့် ဟူဘေးပြည်နယ်တို့အပါအဝင် တရုတ်တစ်ပြည်လုံးတွင် ကူးစက်ခံရသူ ၇၇,ဝ၀ဝ ဦးရှိပြီး သေဆုံးသူ ၂၆၀ဝ နီးပါးရှိလာပြီဖြစ်သည်။ 

သို့သော် တရုတ်မဟုတ်သည့် အခြားနိုင်ငံပေါင်း ၂၆ နိုင်ငံတွင် ကူးစက်ခံရသူ  ၁၂၀ဝ ကျော်ခန့်ရှိပြီး ယင်းဗိုင်းရပ်စ်ကြောင့်  သေဆုံးသူရှစ်ဦး ရှိသွားပြီဖြစ်ကြောင်း WHO က သတင်းထုတ်ပြန်သည်။ 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အာဖဂန်နစ္စတန်၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရမှုများရှိကြောင်း သက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါကူးစက်ခံရသူများမှာ အီရန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြသည်။ 

WHO အကြီးအကဲ တီးဒရိုစ်ဂေဘရီယပ်စ်က ယင်းဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်မည့်အခွင့်အရေးမှာ တဖြည်းဖြည်းချင်း နည်းပါးလာပြီဖြစ်ကြောင်း သတိပေးပြောကြားသည်။ 

“ကမ္ဘာလုံးကူးစက်ရောဂါကြီးကို ကာကွယ်ထိန်းချုပ်နိုင်မယ့် ကျွန်တော်တို့ရဲ့ အရည်အချင်းတွေဟာ တဖြည်းဖြည်းနဲ့  လျော့ကျလာပြီပဲဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။ 

ဗြိတိန်အခြေစိုက်  East Anglia တက္ကသိုလ်မှ ကျန်းမာရေးသုတေသီ ပါမောက္ခပေါလ်ဟန်တာက တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပေါ်နေမှုမှာ စိုးရိမ်ဖွယ်ရာအနေအထားတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။ 

တောင်ကိုရီးယား၊ အီတလီနှင့် အီရန်နိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းမှာလည်း ကမ္ဘာ့လုံးဖြစ်ပွားသည့် ကပ်ရောဂါပုံစံမျိုးဖြစ်လာကြောင်း ၎င်းကဆိုသည်။ 

လက်ရှိအနေအထားတွင် ကျန်းမာရေးသုတေသီများ အထူးစိုးရိမ်မကင်း ဖြစ်နေရသည့်အကြောင်းအရင်းမှာ တရုတ်ပြည်နှင့် ဆက်စပ်ပတ်သက်မှုမရှိသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများကို ဆက်တိုက်မြင်တွေ့လာရခြင်းဖြစ်သည်။ 

အကယ်၍ ကမ္ဘာအနှံဖြစ်ပေါ်သော ကပ်ရောဂါအဆင့်သို့ ရောက်ရှိလာမည်ဆိုပါက ရောဂါကူးစက်ပျံ့နှံ့သည့် အရှိန်ကို  ကန့်သတ်ထိန်းချုပ်ရန် လွန်စွာအရေးကြီးကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ 

တောင်ကိုရီးယားနိုင်ငံတွင် တနင်္လာနေ့က ထပ်မံကူးစက်ခံရသူ ၁၆၁ ဦး တိုးမြင့်လာရာ ရောဂါကူးစက်ခံရသူ စုစုပေါင်း  ၇၆၀ ကျော်သို့ ရောက်ရှိသွားကြောင်း၊ သေဆုံးသူ ၇ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ထို့ပြင် တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၁၁ ဦး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပေါ်နေသည်ကိုတွေ့ ရှိရပြီးနောက် တပ်ဖွဲ့ဝင် ၇၇၀ဝ ခန့်ကို  သီးသန့်ခွဲခြားထားကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။ 

F-01