News

POST TYPE

LATEST NEWS POST

ရေးရာကော်မတီ ၇ ခုအတွက် ထိုင်ခုံအလုံး ၇၀ ဝယ်ယူရန် ကျပ် ၄၉ သိန်းတောင်းခံ
24-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီ ၇ ခုအတွက် ထိုင်ခုံအလုံး ၇၀ ဝယ်ယူရန် ငွေကျပ် ၄၉ သိန်းတောင်းခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၂၀ တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(လျာထားချက်) ငွေလုံးငွေရင်း အသုံးစရိတ်တွင် ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ဒီကော်မတီတွေဟာ အသစ်ဖွဲ့စည်းထားတဲ့ ကော်မတီလည်းမဟုတ်ဘူး။ ဒီကော်မတီတွေ အစည်းအဝေးလုပ်တဲ့အခါမှာ မတ်တပ်ရပ်ပြီး ဆွေးနွေးနေပါသလား။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဟာ တခြားတိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေထက် ပရိဘောဂတွေပေါပါတယ်။ ခန်းမထဲမှာ ကုလားထိုင်တွေ အများကြီးရှိပါတယ်။ ဒါဝယ်ယူဖို့ တင်ပြတာကို ကျွန်တော့်အနေနဲ့ကန့်ကွက်ပါတယ်” ဟု ဒဂုံမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင်ပြောဆိုခဲ့သည်။

ဘဏ္ဍာငွေလျာထားချက်များကို တင်ပြရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဘဏ္ဍာငွေရရှိနိုင်မှုအပေါ်မူတည်၍ အမှန်တကယ်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုသာ လျာထားဆောင်ရွက်သင့်ကြောင်း၊ ဘဏ္ဍာငွေဖောင်းပွမှု မရှိစေရေးအတွက် ဘတ်ဂျက်လျာထားချက်တင်ပြရာတွင် ဒီဇိုင်းနှင့် အသေးစိတ်တွက်ချက်မှုများ ပူးတွဲတင်ပြရန် ပြည်သူ့ငွေစာရင်းကော်မတီက အကြံပြုထားသည်။

“ကုန်ကျမှုတွေကို မှန်ကန်စွာတွက်ချက်ခြင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဦးစားပေးရွေးချယ်ခြင်းများကို လုပ်ဆောင်ရန် အရေးကြီးပါတယ်။ ကုန်ကျငွေများတွက်ချက်ရာမှာလည်း အနီးစပ်ဆုံးတွက်ချက်မှုနဲ့ အရည်အသွေးပြည့်မီတဲ့ပစ္စည်းများကို သုံးစွဲဖို့လိုအပ်ပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို လေ့လာတဲ့အခါမှာ ဌာနတိုင်းဟာ အမြင့်ဆုံးဈေးနှုန်း၊ အကောင်းဆုံးပစ္စည်းတွေကို စာရင်းတင်ထားတယ်ဆိုပေမယ့် အသေးစိတ်တွက်ချက်မှုများကို တိတိကျကျတင်ပြဖို့ အားနည်းနေတာ တွေ့ရှိရပါတယ်” ဟု ကျောက်တန်းမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ပြောဆိုသည်။

S - 08