News

POST TYPE

LATEST NEWS POST

ကျူးကျော်မြေမှ ဖယ်ရှားပေးရမည့်သူများ စစ်ကိုင်းတိုင်းအစိုးရထံအသနားခံစာတင်
23-Feb-2020


မန္တလေး ၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စက်မှုဇုန် ၆ လမ်းတွင် ၁၇ နှစ်ကျော် ကျူးကျော်နေထိုင်ခဲ့ပြီး ဖယ်ရှားခံရသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ အသနားခံစာတင်ထားကြောင်း ကျူးကျော်မြေမှ ဖယ်ရှားပေးရမည့်မိသားစုထံမှ သိရသည်။

ယခုနေရာသည် ယခင်ကရေဝပ်သောနေရာဖြစ်ပြီး ချုံပင်များနှင့် ပြည့်နေသောကြောင့် ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဝပ်သောနေရာများကို မြေဖို့ခြင်းများပြုကာ နေထိုင်လာခဲ့ကြောင်း၊ လွန်ခဲ့သော ၁၇ နှစ်ကျော်ကစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် နေထိုင်လာခဲ့ခြင်းဖြစ်ပြီး မည်သူမျှ လာရောက်တားမြစ်ခြင်းမရှိခဲ့ကြောင်း ပတ္တမြားရပ်ကွက်နေဒေါ်ငယ်က  ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယင်းနေရာမှဖယ်ရှားပေးရန် နှစ်ကြိမ်အကြောင်းကြားလာသော်လည်း  မိမိတို့မှာ နေထိုင်စရာမရှိကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါမိသားစုအနေဖြင့် လက်ရှိနေရာမှဖယ်ရှားပေးရမည်ဆိုပါက နေထိုင်စရာအခက်အခဲရှိနေခြင်းကြောင့် ပြန်လည်အစားထိုးပေးစေလိုကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အသနားခံစာ တင်ပြထားကြောင်း ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်မင်းက ပြောကြားသည်။

စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အကွက်အမှတ်နှင့်အမည် (၇၈၃/တောင်ညိုအနောက်ကွင်း) ဧရိယာ သုညဒသမ၄၅ ဧကမြေပေါ်၌ ဆောက်လုပ်ထားသော ကျူးကျော်အဆောက်အအုံကိုဖယ်ရှားပေးရန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပထမအကြိမ် ၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဒုတိယအကြိမ် အကြောင်းကြားထားပြီးဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

S-02