News

POST TYPE

LATEST NEWS POST

မြောင်းတကာ သံရည်ကြိုစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြ
20-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မြောင်းတကာစက်မှုဇုန်ရှိ ပိစိဖိတ်သံရည်ကြိုစက်ရုံမှ အလုပ်သမားအချို့သည် ဒီဇင်ဘာ ၂၀ ရက်နေ့ မှ စတင်ကာ  အစာငတ်ခံဆန္ဒပြလျက်ရှိကြောင်း ယင်ဆန္ဒပြမှုကို ဦးဆောင်သူ အလုပ်သမားခေါင်းဆောင် ဦးမြတ်မင်းက ပြောကြားသည်။

အစာငတ်ခံဆန္ဒပြသူ ၆ ဦးအပါအဝင်ဝန်းရံသူ ၁၅ ဦးတို့က လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသော အလုပ်သမားများကို အပြည့်အဝတာဝန်ယူပေးရန် ၊အလုပ်ခွင်အတွင်း မနိုင်ဝန်နှင့် အန္တရာယ်ရှိသောပစ္စည်းများအား ထည့်သွင်းခိုင်းစေခြင်း မပြုလုပ်ရန် ၊ အလုပ်သမားများဆန္ဒမပါဘဲ လက်မှတ်ထိုးယူထားသော  EC စာချုပ်ပြင်ဆင်ပေးရန် အပါအဝင် အချက် ၈ ချက်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်းက တောင်းဆိုနေကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ အသက်သေချင်သေသွားပါစေ။အဆုံးထိရအောင် တိုက်ယူသွားမယ်” ဦးမြတ်မင်းက ဆိုသည်။

ယင်းစက်ရုံတွင် အလုပ်သမား ၁၅၀ ဝန်းကျင်ရှိသော်လည်း ၎င်းတို့ ၁၅ ဦးသာ တောင်းဆိုရခြင်းမှာ ကျန်အလုပ်သမားများက အလုပ်ထုတ်ပယ်ခံရမည်ကို စိုးရိမ်နေကြပြီး လက်ရှိတောင်းဆိုနေသည့် အခွင့်အရေးများ ရရှိပါကလည်း ကျန်အလုပ်သမားများက ခံစားခွင့်ရရှိမည်ဖြစ်သောကြောင့် ဆန္ဒပြတောင်းဆိုမှုတွင် မပါဝင်ရန် စက်ရုံတာဝန်ရှိသူများ စည်းရုံးထားကြောင်း ၎င်းကရှင်းပြသည်။

ပစိဖိတ်သံရည်ကြိုစက်ရုံသည် ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး အိမ်ဆောက်ပစ္စည်းသုံးသံထည်များ ထုတ်လုပ်နေသော စက်ရုံဖြစ်သည်။

ဆန္ဒပြတောင်းဆိုသူများသည် “ကျုပ်တို့တောင်းဆိုချက်မရမချင်း အစာငတ်ခံဆန္ဒပြမည်” အပါအဝင် ဗီနိုင်းများထောင်ကာ တောင်းဆိုလျက်ရှိသည်။

၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းကလည်း မြောင်းတကာစက်မှုဇုန်ရှိ စက်ရုံတစ်ခုတွင် အလုပ်သမားများ အခွင့်အရေးတောင်းဆို ဆန္ဒပြမှုကြောင့် လျော်ကြေးပေးကာ စက်ရုံကို ယာယီပိတ်သိမ်းခဲ့သည်။