News

POST TYPE

LATEST NEWS POST

လမ်းမတော်သံဈေး သုံးနာရီကြာ မီးလောင် ၊ ၁၄ ဦး ဒဏ်ရာရ ပိတ်မိသူ ၈၅ ဦး ကယ်တင်နိုင်ခဲ့
20-Feb-2020


ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးတွင် ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက် ၆ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီ ၃၆ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကာ ပိတ်မိနေသည့် ၈၅ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် ကယ်ဆယ်ထားနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၄ ဦးကို ရန်ကုန်ဆေးရုံကြီး၌ တင်ပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ဦးစီးဌာန Level 5 အဆင့်ဟုသတ်မှတ်ခဲ့ပြီးမီးငြိမ်းသတ်ယာဉ် အစီး ၆၀ ၊ ရေသယ်ယာဉ် ၃၉ စီး ၊ လှေကားတင်ယာဉ် ၃ စီး ၊ အထောက်အကူပြုယာဉ် ၁၁ စီး ၊ ကွပ်ကဲမှုယာဉ် ၈ စီး ၊ မီးသတ်စက်ယာဉ် ၁ စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၃၀ဝကျော်ဖြင့် ငြိမ်းသတ်ခဲ့ရသည်။  



မီးလောင်မှုဖြစ်ပွားနေစဉ် သံဈေးအပေါ်ထပ်ရှိ လူနေတိုက်ခန်းများမှ ၈၅ ဦးမှာ ပိတ်မိနေခဲ့ပြီး မီးသတ်ဦးစီးဌာနက ဂရိန်းများဖြင့် ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပြီး ယင်း၈၅ ဦးအနက် ၁၅ ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။

၉ နာရီအချိန်ခန့် မီးလောင်မှုကို မီးသတ်များ ငြိမ်းသတ်နေစဉ် မျက်မြင်သက်သေ ဦးဌေးဌေးက “ဒုတိယအထပ်လောက်က မီးခိုးတွေထွက်လာတယ်။ မီးလောင်နေတယ်ဆိုပြီအော်ကြတယ်။ မီးသတ်ကို ဖုန်းဆက်ကြတယ်ပေါ့။ အဲ့ဒီအချိန်ကတည်းက မီးငြိမ်းသတ်တာ အခုချိန်ထိပါပဲ။”ဟု The Voice သတင်းစာသို့ ပြောပြသည်။

အဆိုပါမီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးဘဲ စုခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ကာ မီးလောင်မှုကြောင်း  ဆိုင်ခန်းပေါင်း ၆၁ ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

“လူတွေတော့ အားလုံးကယ်ထုတ်နိုင်ပြီ။ ဆေးရုံပေါ်တက်ခဲ့တဲ့သူတွေကလည်း မစိုးရိမ်ရပါဘူး။”ဟု ၎င်းကဆိုသည်။

မီးသတ်ဦးစီးဌာနကို ညနေသုံးနာရီအချိန်ခန့် ဆက်သွယ်မေးမြန်းချက်အရမူ လတ်တလောတွင် မီးခိုမွှန်းသည့် လူနာ ၁၅ ဦးအနက် ၄ ဦးသာ ရန်ကုန်ဆေးရုံကြီးတွင် ဆက်လက်ကုသနေဆဲ ဖြစ်သည်။

အဆိုပါမီးလောင်မှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အစိုးရအဖွဲ့ဝင်များလာရောက်ခဲ့ပြီး ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်နေမှုများ ၊ လူများပိတ်မိနေမှုများကို ရှာဖွေကယ်ဆယ်ရေး အထူးအဖွဲ့များက မီးသတ်ဦးစီးဌာန၏ အဆင့်မြင့်ကားများဖြင့် ကယ်ဆယ်နေမှုများကို လာရောက်ကြည့်ရှုခဲ့သည်။ 

J-04