News

POST TYPE

LATEST NEWS POST

မိဘဘိုးဘွားများ၏ ပြည်ထောင်စုအိပ်မက်ကို ဖြည့်ဆည်းနိုင်ရန် ၂၁ ရာစုပင်လုံညီလာခံ ပြုလုပ်ခြင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
20-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မိဘဘိုးဘွားများအိပ်မက်ခဲ့သည့် ပြည်ထောင်စုအိပ်မက်ကို ဆက်လက်ဖြည့်ဆည်းနိုင်ရေးအတွက် အစိုးရအနေနှင့် ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူကျင်းပနေခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြုလုပ်သည့် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်၍ မိန့်ခန်းပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀ ရာစုနှစ် ပင်လုံညီလာခံမှာ မိဘဘိုးဘွားတို့ မျှော်မှန်းသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ကံမကောင်းအကြောင်းမလှဘဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ အဆိုပါ ပြည်ထောင်စုအိပ်မက်ကို ဆက်လက်ဖြည့်ဆည်းနိုင်ရေးအတွက် အစိုးရအနေနှင့် ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူကျင်းပနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ မိဘဘိုးဘွားတွေ အိပ်မက်ခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ ဒီကနေ့ ၂၁ ရာစုခေတ်မှာ ကျွန်မတို့ အစိုးရအနေနှင့် ၂၁ရာစုပင်လုံညီလာခံကို ခေါ်ယူကျင်းပနေပါတယ်။ မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေး ခရီးလမ်းကို ကျွန်မတို့ခေတ် ကျွန်မတို့အခါမှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးမှာ ချင်းတိုင်းရင်းသားကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုကြီးရဲ့ကောင်းကျိုးကို ရည်မှန်းပြီးတော့ တက်တက်ကြွကြွ ပါဝင်နေကြတဲ့အတွက်လည်း များစွာဝမ်းမြောက်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ချင်းတိုင်းရင်းသား အများစုနေထိုင်သည့် ချင်းပြည်နယ်သည် ပထဝီဝင်အနေအထားအရ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်ခဲ့ကြောင်း၊ ယင်းကြောင့် အစိုးရအနေနှင့်လည်း ချင်းပြည်နယ်ကို ဖွံ့ဖြိုးရေးပြည်နယ်အဖြစ်သတ်မှတ်ကာ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံဖြိုးရေး၊ နိမ့်ကျနေသည့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် သတ်မှတ်လုပ်ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ချင်းပြည်နယ် တွန်းဇံမြို့နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး သီးကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းသည့် နေအိမ်အလုံး ၅၀ ဖွင့်ပွဲ အခမ်းအနားများသို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တက်ရောက်ခဲ့သည်။

အဆိုပါ ချင်းပြည်နယ်ခရီးစဉ်သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အစရှိသည့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်ခဲ့ကြသည်။

ချင်းတိုင်းရင်းသားမျိုးနွယ်စုများအနေနှင့် ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန်ဆုံးဖြတ်ခဲ့သောနေ့အဖြစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကလည်း ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ချင်းတိုင်းရင်းသားများ ထဲထဲဝင်ဝင်ပါဝင်နေခြင်းအတွက်လည်း အသိအမှတ်အပြုကြောင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ပါဝင်သွားကြရန်လည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

S-04