News

POST TYPE

LATEST NEWS POST

ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းလိုင်စင် မှတ်ပုံတင်ကြေးကောက်ခံမှု စနစ်ပြောင်းမည်
20-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပြည်တွင်းကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (DOL)ထုတ်ရာတွင် ကောက်ခံနေသော မှတ်ပုံတင်ကြေးများကို ယာဉ်တစ်စီးချင်း နှုန်းထားအပေါ်အခြေခံသည့် ငွေကောက်ခံမှုစနစ်ဖြင့် မတ်လ ၃ရက်တွင် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း လုပ်ငန်းလိုင်စင် နှင့်သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမင်းက ပြောကြားသည်။

လက်ရှိတွင် ယာဉ်အရေအတွက် အုပ်စုလိုက်အပေါ်အခြေခံကာ ကောက်ခံနေပြီး မတ်လ ၃ ရက်နေ့တွင် ပြောင်းလဲကောက်ခံမှုမှာ အခွန်ဈေးနှုန်းကို ပြင်ဆင်ခြင်မဟုတ်ဘဲ စနစ်တစ်ခုပြောင်းလဲကောက်ခံခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိကောက်ခံသည့် အခွန်နှုန်းထားမှာ ယာဉ်တစ်စီးမှ ငါးစီးအထိ နှစ်သောင်းခွဲ ၊ ခြောက်စီးမှဆယ်စီးအထိ အခွန်နှုန်းထားသည် ခြောက်သောင်းဖြစ်သော်လည်း၁၁စီးဖြစ်သွားပါက တစ်သိန်း နှစ်သောင်းကောက်ခံသဖြင့် ခြောက်သောင်း ပိုသွင်းရသကဲ့သို့ ဖြစ်နေသောကြောင့် တစ်စီးချင်းအလိုက်သာ ကောက်ခံမည်ဖြစ်ကြာင်း ၎င်းကထပ်လောင်းပြောကြားသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများကိုပြင်ဆင်သည့်နည်း ဥပဒေအရ ယာဉ်တစ်စီးချင်းနှုန်းထား အပေါ်သာအခြေခံသည့် ငွေကောက်ခံမှုစနစ်ဖြင့် ၂၀၂၀ပြည့်နှစ် ၊ မတ် ၃ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရာတွင် တစ်စီးချင်းစီအလိုက် မှတ်ပုံတင်ခများမှာ ၂ တန် သို့မဟုတ် လူ ၁၇ ဦးထိ ၅,ဝ၀ဝ ကျပ်၊ ၂ တန်အထက် မှ ၉ တန်အထိ သို့မဟုတ် ၄၀ ဦးထိ ၇,ဝ၀ဝ ကျပ်၊ ၉ တန်သို့မဟုတ် ၄၁ ဦးအထက် ၁၀,ဝ၀ဝ ကျပ် ကျသင့်မည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကျော်ကားများအနေနှင့် ၂ တန် သို့မဟုတ် ၁၇ ဦးအထိ ၈,ဝ၀ဝ ကျပ်၊ ၂ တန်အထက်မှ ၉ တန်အထိ သို့မဟုတ် ၄၀ ဦးအထိ ၁၁,ဝ၀ဝ ကျပ်၊ ၉ တန် သို့မဟုတ် ၄၁ ဦးအထက် ၁၅,ဝ၀ဝကျပ် မှတ်ပုံတင်ခ ပေးသွင်းရမည်ဖြစ်သည်။

S-05