News

POST TYPE

LATEST NEWS POST

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား လာရောက်ဆွေးနွေးမှုလျော့ကျ
19-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင်ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား လာရောက်ဆွေးနွေးမှုများ လျော့ကျသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“တရုတ်နိုင်ငံသား လာရောက်ဆွေးနွေးမှုကတော့ လျော့ကျသွားတယ်။ဆွေးနွေးထားပြီးမှ ဖျက်လိုက်တာကတော့ မရှိပါဘူး။ ပုံမှန်နိုင်ငံခြားသား ဝင်ရောက်မှုအပိုင်းလည်း လျော့ကျသွားတာရှိသလို တရုတ်နိုင်ငံသားတွေလာပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးတဲ့အပိုင်းတွေ လျော့ကျသွားတာတွေ့ရတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

တရုတ်နိုင်ငံသား လာရောက်ဆွေးနွေးမှု လျော့ကျသွားရုံသာမက နယ်စပ်ဒေသများသို့လည်း တရုတ်နိုင်ငံသား ဝင်ထွက်သွားလာမှုလည်း လျော့ကျသွားပြီး ဗိုင်းရပ်စ်ကြောင့် ဘယ်အခြေအနေအထိဖြစ်မည်ကို ခန့်မန်း၍မရကြောင်း ၎င်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာဘီလီယံ ၂၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး နံပါတ်နှစ်နေရာတွင်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများရပ်ဆိုင်းသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

S-07