News

POST TYPE

LATEST NEWS POST

ယူနီဆက်နှင့် ပူးပေါင်းပြီး ကျောင်း ၇၈၀ တွင် ကျောင်းသားများ ကျောင်းပျော်လာစေမည့် အစီအစဉ်ပြုလုပ်မည်
19-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ယူနီဆက်နှင့် ပူးပေါင်းပြီး မြို့နယ် ၂၉ မြို့နယ်ရှိ ကျောင်း ၇၈၀ တွင် ကျောင်းသားများ ကျောင်းပျော်လာစေမည့် အစီအစဉ်၏ အစပျိုးလှုပ်ရှားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiative-SPI) အစီ အစဉ်ကို လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့၏ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးနှင့် သင်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော ဘဝနေထိုင်မှုအစီအစဉ်နှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မြို့နယ် ၃၉ မြို့ရှိ အခြေခံပညာကျောင်း ၇၈၀ တွင် ဖေဖော်ဝါရီလ တတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းဦးစီးဌာနမှ သိရသည်။

“တချို့ကလေးတွေက ကျောင်းလာပေမယ့် ကျောင်းမပျော်ဘူး။ အသင်းအဖွဲ့တွေထဲမှာ မပါဘူး။ အဲ့ဒီတော့ ကျောင်းပျော်လာအောင် သူ ဘာဖြစ်ချင်လဲ။ ဘောလုံး ကန်ချင်တာလား၊ ဘာလုပ်ချင်တာလဲဆိုတာမေးပြီး တူရာစုပြီး လုပ်ဆောင်ခိုင်းမှာ” ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဦးက ပြောသည်။

၎င်းအစီအစဉ်သည် လက်ရှိပညာသင်နှစ်၏ ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်ဖြစ်ပြီး တိုင်းဒေသကြီးပြည်နယ်များရှိ မြို့နယ် ၂၀ စီကို ရွေးချယ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်များတွင် စမ်းသပ်ဆောင်ရွက်မှု အစီအစဉ်အရ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ၁ ရက်တာ နည်းပြ သင်တန်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်အတွင်း ဗဟိုအဆင့်နည်းပြ အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်မည် ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော်ရှိပြီး ကျောင်းသား ကျောင်းသူ ကိုးသန်းကျော် ပညာသင်ကြားနေသည်။

S-09