News

POST TYPE

LATEST NEWS POST

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူများကို အဓိကကုသပေးနေသည့် ဝူဟန်ဆေးရုံကြီး၏ ဆေးရုံအုပ် ယင်းရောဂါဖြင့် သေဆုံး
19-Feb-2020


ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၈ 

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သော ဝူဟန်မြို့ရှိထိပ်တန်း ဆေးရုံတစ်ခု၏ ဆေးရုံအုပ်ဖြစ်သူမှာ ယင်းရောဂါကြောင့်ပင် အင်္ဂါနေ့က သေဆုံး သွားကြောင်း တရုတ်အာဏာပိုင်များ ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။ 

တရုတ်နိုင်ငံပိုင် ရုပ်သံသတင်းဌာန ဖော်ပြချက်အရ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူများကို အဓိကကုသပေးလျက်ရှိသည့် ဝူဟန်ဝူချန်ဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူ လူဇီမန်းသည် အင်္ဂါနေ့နံနက်ပိုင်းက ယင်းရောဂါဖြင့် သေဆုံးသွားသည်။ 

အဆိုပါဖြစ်ရပ်ကြောင့် ဆေးရုံအုပ်ဖြစ်သူဒေါက်တာလူဇီမန်းသည် ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသောသတ္တမမြောက် ကျန်းမာရေးအမှုထမ်းအဖြစ် စာရင်းဝင်သွားသည်။ 

လက်ရှိအနေအထားတွင် တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းမှာ ပြီးခဲ့သည့် ဇန်နဝါရီလကထက် လျော့ကျသွားခဲ့သော်လည်း ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ 

တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် သေဆုံး သူစုစုပေါင်း ၁၈၆၈ ဦး ရှိသွားပြီဖြစ်သည်။ ရောဂါကူးစက်ခံရသူမှာ ယခုဆိုလျှင် ၇၂၄၃၆ ဦးအထိ ရောက်ရှိသွားပြီဖြစ်သည်။ 

တရုတ်အာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့များကို အဝင်-အထွက်ပိတ်ပင်ခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်ခြင်းစသည်တို့ ပြုလုပ်ခဲ့သည်။ ယင်းဖြစ်ရပ်များကြောင့် တရုတ်ပြည်တွင်းစီးပွားရေးနှင့် ကမ္ဘာလုံး စီးပွားရေးလုပ်ငန်းများ အကြီးအကျယ်ဆုံးရှုံးခဲ့ရသည်။ 

တရုတ်နှင့်ပတ်သက်၍ ပြုလုပ်မည့် ကုန်သွယ်ရေးပြပွဲများနှင့် လုပ်ငန်းပိုင်း ဆိုင်ရာကွန်ဖရင့် အမြောက်အမြားကို ရွှေ့ဆိုင်းလိုက်ရသည်။ ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမည့်အရေးကို စိုးရိမ်ထိတ်လန့်နေရခြင်းကြောင့် ဒေါ်လာဘီလီယံနှင့်ချီကာ တန်ဖိုးရှိသည့် ကုန်သွယ်ရေးသဘောတူညီချက်များလည်း ပျက်ပြားရမည့်အခြေအနေသို့ ရောက်ရှိနေသည်။ 

အဆိုပါဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့လေကြောင်းလိုင်းများလည်း ၎င်းတို့၏ လေကြောင်းခရီးစဉ် အမြောက်အမြားကို ဖျက်သိမ်းသို့မဟုတ် လျှော့ချလာခဲ့ကြသည်။ စင်ကာပူလေကြောင်းလိုင်းက တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များကို လာမည့် မေလအထိ သုံးလခန့် ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းကမူ တိုင်းပြည်စီးပွားရေးသည် အရေးပေါ်အခြေအနေထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ စီးပွားရေးနာလန်ထူရန် အရေးပေါ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပေါ်မှုက တောင်ကိုရီးယားနိုင်ငံထုတ်ကုန် ပစ္စည်းများအပေါ် ဝယ်လိုအားကို ဆိုးဆိုးရွားရွား ထိခိုက်လျက်ရှိကြောင်း သမ္မတ မွန်ဂျေအင်းက ပြောကြားသည်။

F-01