News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်(စ်) ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်စစ်ဆေးမည်
18-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စတင်ဖြစ်ပွားကာ ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပြန့်ပွါးလာသည့် COVID-19 လတ်လောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအတွက် ဓါတ်ခွဲစစ်ဆေးမှုများကို ထိုင်းနိုင်ငံသို့ ပေးပို့စစ်ဆေးနေရာမှ မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ယင်းသို့ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကိုယ်တိုင်သီးခြားဓါတ်ခွဲစစ်ဆေးခြင်း (independent testing) ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

“၂၀ ရက်နေ့စပြီးတော့ independent စစ်မယ်ဆိုတဲ့အတွက် ၁၉ ရက်နေ့ထိ ပို့မယ်လို့ယူဆလို့ရပါတယ်။” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောကြားသည်။

ဓါတ်ခွဲစစ်ဆေးခြင်းအတွက် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine (NCGM) နှင့် Juntendo University မှလက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဓာတ်ခွဲပစ္စည်းများ လက်ခံရရှိခဲ့ပြီးနောက် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက်ဓာတ်ခွဲစစ်ဆေးလျက်ရှိရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၏ ဓါတ်ခွဲအဖြေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘာကျန်းမာရေးအဖွဲ့အသိအမှတ်ပြုထားသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) ကို ၂၀၁၈ ကတည်းက စတင်ဖွင့်လှစ်ခဲ့သည်။

အေးသန္တာထွန်း