News

POST TYPE

LATEST NEWS POST

သရုပ်ဆောင်မေသန်းနု ငွေကြေးလိမ်လည်မှုဖြင့် ထပ်မံတရားစွဲခံရ
18-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ငွေကြေးလိမ်လည်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ချခံထားရသော အကယ်ဒမီသရုပ်ဆောင် မေသန်းနုကို တရားလို ဒေါ်စန်းစန်းမြင့်က ငွေကြေးလိမ်လည်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲလိုက်ပြီး ဖေဖော်ဝါရီ ၁၈ တရားရုံးထုတ်ခဲ့သည်။

သရုပ်ဆောင်မေသန်းနုသည် ၂၀၁၆ ခုနှစ်က ၎င်းရဲ့ မိတ်ဆွေ ဒုက္ခရောက်နေသည့်အတွက် တရားလို ဒေါ်စန်းစန်းမြင့်ထံ အကူအညီတောင်းခံလာသောကြောင့် မေသန်းနုအား ဒေါ်စန်းစန်းမြင့်က လှည်းတန်းရှိ နှစ်ထပ်အိမ်တိုက်ခန်းကို ကျပ်သိန်း ၂၅၀၀ နှင့် ပေါင်နှံကာ ကူညီပေးခဲ့ပြီး အဆိုပါငွေများကို သရုပ်ဆောင် မေသန်းနုက ပြန်ဆပ်ပေးခြင်းမရှိသောကြောင့် သန်းကျွန်းမြို့နယ်တရားရုံး၌ လိမ်လည်မှနှင့် ၂၀၁၇ ခုနှစ်က ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူက ပြောကြားသည်။ 

“တစ်လ နှစ်လအတွင်း ပြန်ရွေးပေးမယ်ပြောလို့ ကူညီပေးလိုက်တာ။ ဆုံးသွားတာပေါ့။ ကျွန်မနစ်နာသွားတာတွေ ဘာမှပြန်မရတဲ့အတွက် ကျေအေးပေးမှာမဟုတ်ပါဘူး။ ဆုံးရုံးသွားတဲ့ကျွန်မပိုက်ဆံတွေ သူတို့ဘက်က ပေးတဲ့နေ့ ကျွန်မယူမှာပါ။ အမူရုတ်သိမ်းပေးပါမယ်။”ဟု ၎င်းက ဆိုသည်။

ဒေါ်စန်းစန်းမြင့်သည် သရုပ်ဆောင်မေသန်းနုကို ငွေသိန်း ၁၂၀၀ လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် ရန်ကင်းတရားရုံးတွင် တရားစွဲခဲ့ပြီး ဇန်နဝါရီလ ၂ ရက်နေ့က အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်ထားသည်။ 

ယင်းအမှုနှင့်ပတ်သက်၍ (ပေးလျော်ရန် အစဉ်သင့်ဖြစ်နေပြီဖြစ်ပါသည်) အခြားကိစ္စများကိုလည်း ဥပဒေဘောင်အတွင်းမှာ အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု သရုပ်ဆောင်မေသန်းနု၏ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဇန်နဝါရီ ၃၀ ရက်တွင် ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ 

“ဒီကနေ့အချိန်ထိ သရုပ်ဆောင်မေသန်းနုဘက်က ကျွန်မကို ပိုက်ဆံတစ်ပြားမှ လာမဆပ်ပါဘူး။” ဟု ဒေါ်စန်းစန်းမြင့်က ဆိုသည်။ 

သရုပ်ဆောင် မေသန်းနုအမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး (၃) တရားခွင်တွင် အမှုအား ရက်ပေါင်း ၂၇၀ အတွင်း အပြီးအသတ်စစ်ဆေးရန် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်ခဲ့ပြီး တရားသူကြီးက အမှုကျေအေးလိုသည့် ဆန္ဒရှိမရှိ တရားလိုအား မေးမြန်းရာ ငွေများ ပြန်လည်ပေးဆပ်မှာသာလျှင် အမူအားရုတ်သိမ်းပေးမည်ဟု ပြောကြားခဲ့သည်။ 

သရုပ်ဆောင် မေသန်းနုကို အိမ်စီးကားနှင့် ရုံးထုတ်လာခြင်းနှင့်ပတ်သက်၍လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက မေသန်းနုမှာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သကဲ့သို့ အကျဉ်းထောင်နှင့် ရဲတပ်ဖွဲ့တို့၏ ခွင့်ပြုချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။



 J-04