News

POST TYPE

LATEST NEWS POST

နိုင်/လွတ်/လုံ ဥပဒေ ပုဒ်မ-၈ (စ) ဖျက်သိမ်းပေးရန် အသံအဖွဲ့တောင်းဆို
18-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ 

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေဖြင့် တရားစွဲဆိုခံရသူ တစ်ရာကျော်အထိရှိလာပြီး ယင်းဥပဒေပုဒ်မ ၈(စ) ကို ပယ်ဖျက်ပေးရန်အပြင် အခြားပုဒ်မများကိုပြင်ဆင်ပေးရန် တောင်းဆိုကြောင်း အသံအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂ နှစ်နဲ့ ၁၁ အကြာ ကာလအတွင်း အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်သဖြင့် တရားစွဲဆိုခံရမှု ၁၅ မှု၊ နိုင်ငံရေးပါတီများက တရားစွဲဆိုမှု ၉ မှု၊ တပ်မတော်က တရားစွဲဆိုမှု ၅ မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသခံများကို တရားစွဲဆိုမှု ၃ မှုရှိခဲ့ပြီး အမှုပေါင်း ၄၆ မှုဖြင့် ၁၁၃ ဦး တရားစွဲဆိုခံထားရကြောင်း အသံအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

“မတရားတဲ့ဥပဒေတွေ အများကြီးရှိတဲ့အထဲက နိုင်/လွတ်/လုံ ဆိုတဲ့ဥပဒေက လက်ရှိအစိုးရသက်တမ်းအတွင်း ထွက်ပေါ်လာတယ်။ နောက်ထပ်မတရားတဲ့ ဥပဒေယန္တရားထပ်ဖြစ်တာပေါ့။ အခုလို ဒီမိုကရေစီလူ့အခွင့်အရေးအစိုးရ သက်တမ်းအတွင်းမှာ ဒီလို မတရားတဲ့ဥပဒေပေါ်လာတယ်ဆိုတာက ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ဒီကြားထဲမှာ ဥပဒေကြမ်းကိုပြင်ဆင်ဖို့ဆိုပြီး အခေါက်ခေါက်အခါခါ တိုက်တွန်းခဲ့တာ၊ ပြောခဲ့တာတွေရှိတယ်” ဟု အသံအဖွဲ့ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောဆိုသည်။

တရားစွဲဆိုခံရသူများမှာ တက်ကြွလှုပ်ရှားသူ ၁၂ ဦး၊ အရပ်သားပြည်သူ ၇၅ ဦး၊ သတင်းမီဒီယာသမား ၄ ဦး၊ နိုင်ငံရေးပါတီဝင် ၁၅ ဦးနှင့် အခြား ၇ ဦးပါဝင်ပြီး ယင်းတရားစွဲဆိုခံရသူများတွင် ၃၃ ဦးသည် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော်ရေးသားသည့်အတွက် တရားစွဲဆိုခံရသူများဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းအား ဝေဖန်ရေးသားသည်ဟုဆိုကာ ကြားလူမှ တရားစွဲဆိုမှုများလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းဥပဒေကိုပြဋ္ဌာန်းစဉ်က ပြည်သူများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေဖြင့် တရားစွဲဆိုခံရကာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အနည်းဆုံးထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ချမှတ်ခံရနိုင်သည့်အပြင် ဒဏ်ငွေ ၃ သိန်းမှ ၂၅ သိန်းထိချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

S-08