News

POST TYPE

LATEST NEWS POST

နိုင်ငံရေးတွင် လွတ်လပ်စွာပြောဆိုခွင့်မရှိလျှင် ထောင်နှင့်တူသည်ဟု ဦးကိုကိုကြီးပြော
17-Feb-2020
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇

နိုင်ငံရေးတွင် လွတ်လပ်စွာပြောဆိုခွင့်မရှိလျှင် ထောင်နှင့်တူသည်ဟု ပြည်သူပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောကြားသည်။

အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပြည်သူ့ပါတီရုံးဖွင့်ပွဲတွင် ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

“ထောင်ဆိုတဲ့ အုတ်ရိုးကြီးရှိတာပေါ့။ အဲဒါကို ချဲ့ကြည့်လိုက်ရင် နိုင်ငံတော်ဆိုတဲ့ မြေပုံကြီးရှိလိမ့်မယ်။နိုင်ငံရေးမှာ လွတ်လပ်စွာပြောဆိုခွင့် ၊ စည်းရုံးခွင့်၊ဟောပြောခွင့်တွေ မရှိရင် အကျဉ်းကျသလိုပဲ။ ထောင်ကြီးတစ်ခုလိုပဲလို့ မြင်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်သူပါတီသည် တိုင်းဒေသကြီးခြောက်ခုတွင် မြို့နယ်ရုံးပေါင်း ၆၀ ကျော် ၊ ရပ်ကျေးအဆင့်ရုံးပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ထားပြီး ယင်းရုံးခန်းများကို မြို့နယ်ပါတီဝင်များက ကိုယ့်အားကိုယ့်ကိုးပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးရှင်းပြသည်။

ပြည်သူ့ပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်နေမျိုးကလည်း ၂၀၂၀ ရွေးကောက်ပွဲသည် လူကိုကြည့်၍ ရွေးချယ်ရမည့်အချိန်ရောက်လာပြီဖြစ်ပြီး ပါတီအနေဖြင့် မခိုင်မာသေးသည့် ဒီမိုကရေစီ နိုင်ငံသစ်တွင် ခိုင်မာသော အခြေခံအုတ်မြစ်အဖြစ် ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူပါတီ၏ မြို့နယ်ရုံးအနေဖြင့် မုံရွာ၊ ကျွန်းလှ၊ ဇီးကုန်း၊ ပင်လည်ဘူးနှင့် အင်းတော်မြို့တို့တွင် ဖွင့်လှစ်ထားပြီး ကလေးမြို့၊ ဗန်းမောက်မြို့နှင့် ခင်ဦးမြို့တို့တွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။