News

POST TYPE

LATEST NEWS POST

ယခုနှစ်အတွေ့အကြုံကိုယူ၍ နောက်နှစ်များတွင် ပိုကောင်းအောင်ဆောင်ရွက်မည်ဟု အခြေခံပညာ ညွှန်ချုပ်ပြော
17-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ယခုနှစ် ကျောင်းတွင်းစစ်စာမေးပွဲများ နောက်ဆုတ်ကျင်းပမည်ဖြစ်သော မူဝါဒနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနနှင့် ဆရာ၊ ဆရာမများ ကျောင်းသားများ ထိပ်တိုက်တွေ့ခဲ့သည့် အတွေ့အကြုံကိုယူ၍ နောက်နှစ်များတွင် ပိုကောင်းအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

စာမေးပွဲနဲ့ပတ်သက်သည့် အချိန်ဇယားများထုတ်ရာတွင် ယခုထက်ပိုအဆင်ပြေအောင် စဉ်းစား၍ ဆောင်ရွက်မည်ဖြစ်ပြီး ယခုနှစ်ကျောင်းတွင်းစစ်စာမေးပွဲများနောက်ဆုတ်ကျင်းပမည့် မူဝါဒကိုအကောင်အထည်ဖော်ရာတွင်လည်း ပြည်နယ်နှင့်တိုင်းရှိ ညွှန်မှူးများ၊ တာဝန်ရှိသူများ၊ ဆရာကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

“နောက်နှစ်ကျရင်တော့ ဒီနှစ်ထက်ပိုကောင်းတဲ့ အနေအထားတွေဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့က ဆရာ၊ ဆရာမတွေ အသံကိုနားမထောင်တာမဟုတ်ဘူး။ နားထောင်ဖို့လည်း လိုအပ်တယ်” ဟု၎င်းကထပ်မံပြောသည်။

ယခုနှစ်တွင် ကျောင်းတွင်းစစ်စာမေးပွဲများကို တက္ကသိုလ်ဝင်စာမေးပွဲနောက်တွင် စစ်ဆေးမည်ဆိုသော မူဝါဒကို မြေပြင်ရှိ ဆရာ၊ ဆရာမများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများက ကန့်ကွက်ခဲ့ကြပြီး ယင်းကိစ္စ ကို ၂၀၂၀ ဖေဖော်ဝါရီ ၃ရက်တွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၍ စာမေးပွဲအချိန်စာရင်းများကို ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ကြသည်။

“ကျွန်တော်တို့က အစောကြီးထဲက ဒီနှစ်ပြဿနာအတွက် ကန့်ကွက်ကြတာ။ နောက်နှစ်ကြတော့ သူတို့ဘာ အစီအစဉ်ချမယ်ဆိုတာမသိသေးတော့ ကောင်းတယ်၊ ဆိုးတယ်ဆိုတာပြောဖို့စောနေပါသေးတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာဆရာများအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကပြောသည်။

ယခုနှစ်တွင် အစိုးရစစ်စာမေးပွဲဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို ဖေဖော်ဝါရီ ၂၄ မှ မတ်လ ၃ ရက်အထိ စစ်ဆေးမည်ဖြစ်ပြီး ကျောင်းတွင်းစစ်စာမေးပွဲများကို မတ်လ ၄ ရက်မှ ၁၀ အတွင်း စစ်ဆေးမည်ဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၁ ရက်အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

J-02