News

POST TYPE

LATEST NEWS POST

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်တွေ့ဆုံခဲ့သည့် ဦးဇော်အေးမောင်ကို ပါတီကခေါ်ယူစစ်ဆေးမည်
17-Feb-2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်တွေ့ဆုံခဲ့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ပါတီကခေါ်ယူစစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီထံမှ သိရသည်။

“ပါတီစည်းကမ်းအရတော့ ခေါ်ပြီးမေးရမယ့် တာဝန်ရှိတယ်လေ။အခုထိတော့ ခေါ်တာမရှိသေးဘူး။ ပါတီစည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကလည်း နယ်ထွက်နေတာ။ သူတို့အားလပ်တဲ့အချိန်ကျရင် ခေါ်ပြီးမေးပါလိမ့်မယ်” ဟု ယင်းပါတီ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ဦးဇော်အေးမောင်အပါအဝင် စစ်တွေမြို့မှ ရပ်မိရပ်များဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေသာကျော်၊ ဦးသာနိုးအောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တပ်မတော်အရာရှိအချို့နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကိစ္စအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံခဲ့သူ ဦးဇော်အေးမောင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံမှုကို ပါတီအားတင်ပြခဲ့ခြင်းမရှိသဖြင့် ထုတ်ပြန်ထားသည့် ပါတီစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီထံမှ သိရသည်။

S -08