News

POST TYPE

LATEST NEWS POST

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဧည့်သည်များ၏ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူရန် ညွှန်ကြား
17-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဧည့်သည်များ၏ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ခရီးသွားအေဂျင်စီများကို ညွှန်ကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးများနှင့် ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်းများအသင်းသို့ ညွှန်ကြားခဲ့ရာ တရုတ်နိုင်ငံမှ လာရောက်လည်ပတ်ကြမည့် ခရီးသည်များအတွက် ယခင် စီစဉ်ထားပြီးဖြစ်သည့် ခရီးသွားအစီအစဉ်များကို ဖျက်သိမ်းလိုက်ပါက လျော်ကြေး သို့မဟုတ် နစ်နာကြေးများ ပေးဆောင် ရန်ရှိလာနိုင်သည့်အတွက် ခရီးသွားအေဂျင်စီများအနေနှင့် ခရီးသည်များကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက်ဆောင်ရွက်ရမည်ဟု ၎င်းအသင်းက ထပ်ဆင့်ညွှန်ကြားထားသည်။

"တချို့ကလည်း အလည်အပတ်တင် မဟုတ်ဘူး။ အလုပ်ကိစ္စနဲ့လာမှာမျိုးတွေလည်း ရှိတယ်။ ဒီဘက်ကလည်း အလုံးစုံ ပိတ်ထားတာမျိုးမဟုတ်ဘူး။ အဲ့ဒါကြောင့်လာမယ်ဆိုရင် ကျန်းမာရေးထောက်ခံချက်နဲ့ လာလို့ရအောင် စီစဉ်ပေးခိုင်းလိုက်တာပါ" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က ပြောသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ လာရောက်မည့် ကမ္ဘာလှည့်ခရီးသွားများ၏ ဆိုက်ရောက်ဗီဇာထုတ်ပေးမှုကို မြန်မာနိုင်ငံမှ ရပ်ဆိုင်းထားလိုက်သည့်အတွက် လေကြောင်းဖြင့် လာရောက်သည့် ခရီးသွားအရေအတွက်မှာ ယခင်ကထက် များစွာကျဆင်းသွားကြောင်း၊ နယ်စပ်ဒေသများမှ ဝင်ရောက်သည့် အရေအတွက်မှာလည်း သိန်းချီဝင်ထွက်မှုရှိရာမှ ယခုအခါ သောင်းဂဏန်းသာရှိတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စေရန် နိုင်ငံခြားခရီးသွားများ တည်းခိုနေထိုင်သည့် တည်းခိုခန်း၊ ဟိုတယ်များအနေနှင့် သံသယရှိသောလူနာများ တွေ့ရှိပါက အကြောင်းကြားရန် အသိပေးထားသည်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရသူမှာ ခုနစ်သောင်းနီးပါးအထိရှိပြီး သေဆုံးသူမှာ ၁၆၀ဝ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ တစ်ဦးမှ မရှိသေးကြောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီ အထိ စောင့်ကြည့်လူနာ ၉ ဦးသာ ကျန်ရှိတော့ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။                 

S-09