News

POST TYPE

LATEST NEWS POST

တရုတ်သို့ ဆန်ကွဲတင်ပို့မှု ပမာဏမြင့်တက်
16-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆန်ကွဲတင်ပို့မှုဆိုင်ရာ စာချုပ်ချုပ်ဆိုပြီးစီးပြီဖြစ်သောကြောင့် ဆန်ကွဲတင်ပို့မှုမှာ ပိုမိုမြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

တရုတ်နှင့် ၂၀၁၄ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် ဆန်တင်ပို့မှုဆိုင်ရာစာချုပ်တွင် ဆန်ကွဲကို ထပ်မံဖြည့်စွက်၍ သမ္မတရှီကျင့်ဖျင်ခရီးစဉ်တွင် ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ရေးထိုးလိုက်ပြီးနောက်ပိုင်းတွင် ဆန်ကွဲတင်ပို့မှုပမာဏ မြင့်တက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

“သမ္မတခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဆန်တင်ပို့ရေးမှာ ဆန်ကွဲတင်ပို့မှုကို ဖြည့်စွက်လိုက်တာပေါ့။ ပထမက ဆန်ခေါင်းစဉ်အောက်မှာ ဆန်တစ်ခုပဲ တင်ပို့ခွင့်ရထားပြီးတော့ အခုကဆန်ကွဲပါ တင်ပို့ခွင့်ရလိုက်တဲ့အတွက် ဆန်တင်ပို့မှုမြင့်တဲ့အထဲမှာ ဆန်ကွဲပါပါတယ်။ ဒါပေမဲ့ ဆန်တင်ပို့မှုဆိုတဲ့ စကားလုံးပဲသုံးပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားသည်။

တရုတ်နှင့် ဆန်ကွဲတင်ပို့မှုစာချုပ် ရေးထိုးနိုင်ခဲ့သည့်အတွက် ဆန်ကွဲကို အခွန်အခသက်သာစွာဖြင့် လွတ်လွတ်လပ်လပ် တင်ပို့နိုင်သောကြောင့် ယခင်ထက်ပိုမိုတင်ပို့လာနိုင်ခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ဆန်နှင့် ဆန်ကွဲမက်ထရစ်တန်ပေါင်း ၁ သန်းကျော်တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ရရှိထားကာ ယခင်နှစ်ကာလတူထက် ဆန်နှင့် ဆန်ကွဲပမာဏ တန်ချိန်သုံးသိန်းကျော် ပိုမိုတင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

သို့သော် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ်များ အေးစက်လျက်ရှိကာ ဆန်နှင့် ဆန်ကွဲမှာလည်း အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

S-07