News

POST TYPE

LATEST NEWS POST

ဝန်ထမ်းကားသွင်းခွင့် ဆိုင်းငံ့ထားသော်လည်း စာရင်းကောက်ယူ
16-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

နိုင်ငံ့ဝန်ထမ်းများကို အခွန်သက်သာခွင်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုမည့် အစီအစဉ်ကို နိုင်ငံတော်သမ္မတရုံးက ဆိုင်းငံ့ထားရန်ညွှန်ကြားထားသော်လည်း ခွင့်ပြုပေးရမည့်စာရင်းကိုမူ ကောက်ယူနေကြောင်း စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

‘‘သမ္မတရုံးက ညွှန်ချုပ်ကြီးပြောတဲ့အတိုင်းပဲ ဒါကို ခဏဆိုင်းငံ့ထားပါဆိုလို့ ကျွန်တော်တို့ ဆိုင်းငံ့ထားပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဘယ်လောက်အထိ ပေးရမလဲဆိုတဲ့ စာရင်းတွေကိုတော့ ကောက်ယူနေပါတယ်။ ကညန ဥပဒေမှာလည်း ကညန မှတ်ပုံတင်ကြေးကို ကင်းလွတ်ခွင့်ပြုမယ်ဆိုရင်ရတယ်ဆိုတဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်။ တချို့တွေက ကားဆိုတဲ့အတိုင်း ချဲ့ကားပြီးပြောလိုက်တဲ့အခါကျတော့ ဒါကြီးက အထူးအခွင့်အရေးပေးတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ တကယ်တော့ အထူးအခွင့်အရေးပေးတာ မဟုတ်ပါဘူး”ဟု ဒုတိယဝန်ကြီးက ပြောဆိုသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ်အရစ်ကျရောင်းချရေး အစီအစဉ်နှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့်ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့်အချိန်တွင် ကန့်ကွက်ဝေဖန်မှုများရှိသောကြောင့် ဆိုင်းငံ့ထားရန် သမ္မတရုံးက ညွှန်ကြားထားခြင်းဖြစ်သည်။

လက်ရှိတွင် လုပ်သက် ၂၅ နှစ်ပြည့်ပြီးသည့်ဝန်ထမ်းများကို စပေးရန်စဉ်းစားထားပြီး အခွန်အခသက်သာစေရန်အတွက် အင်ဂျင်ပါဝါ ၁၅၀၀ စီစီအထိသာ ခွင့်ပြုရန်စဉ်းစားထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ဆက်နိုင်