News

POST TYPE

LATEST NEWS POST

အင်းဝတံတားပေါ်တွင် ရထားမီးလောင်
15-Feb-2020
 မန္တလေး-မြစ်ကြီးနား လူစီးစာပို့ရထား ဘရိတ်တွဲအပူလွန်ကဲပြီး မီးလောင်မှုနေစဉ်။ ဓာတ်ပုံ- YP

မန္တလေး၊ ဖေဖော်ဝါရီ ၁၅

ဧရာဝတီမြစ်ကူး အင်းဝတံတား (စစ်ကိုင်းတံတား)ပေါ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မန္တလေး-မြစ်ကြီးနား လူစီးစာပို့ရထား ဘရိတ်တွဲအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးဘူတာမှထွက်ခွာလာသော မန္တလေး-မြစ်ကြီးနားအမှတ် (၄၁) အစုန် လူစီးစာပို့ရထားသည် ယင်းနေ့ညနေ ၆ နာရီ ၁၅ မိနစ်ခန့်အချိန်က အင်းဝတံတား ပဉ္စမခုန်းနှင့်ဆဋ္ဌမခုန်းကြား (မန္တလေးဘက်ခြမ်း) ၌ကုန်ပါဘရိတ်တွဲ (၁၁) တွဲမြောက် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၆ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးလောင်မှုကြောင့် သတင်းစာစက္ကူ ၅၀ဝ၊ ကြက်ဥ (၁၂၀) လုံးပါ (၁၂) ကတ်၊ ပီနံအိတ်အခွံနှစ်လုံး၊ အုန်းသီး ၁၅၀ လုံး၊ မီးပလပ်ခုံ ၂၀ ခု စုစုပေါင်းတန်ဘိုး ကျပ် ၁၁ သိန်းကျော်ဖိုးဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် တံတားပျက်စီးမှုမရှိကြောင်း၊ မီးလောင်သည့်တွဲကို ရွာထောင်ဘူတာတွင်ထားခဲ့ပြီးနောက် အဆိုပါရထား မြစ်ကြီးနားမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း ၎င်းကပြောဆိုသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းနားလမ်း၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညနေကလည်း ဆီတင်သင်္ဘောမီးလောင်မှု ဖြစ်ခဲ့သေးသည်။

S-02