News

POST TYPE

LATEST NEWS POST

မိဘများဆေးခန်းသွားနေစဉ် နေအိမ်မီးလောင်ရာမှ ကလေးတစ်ဦးသေဆုံး
14-Feb-2020


မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၃

မိတ္ထီလာမြို့ ဇောင်ချမ်းကုန်း ကျေးရွာအုပ်စု မကျီးခြောက်ကျေးရွာရှိ အိမ်တစ်အိမ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မိဘများမရှိခိုက် အိမ်တွင်ကျန်ရစ်ခဲ့သောကလေးများ မီးဆော့ကစားရာ မီးလောင်မှုဖြစ်ခဲ့ပြီး အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် မိတ္ထီလာခရိုင်မီးသတ် ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ 

အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိသော အိမ်ရှင်ဦးဇင်ကိုအောင်နှင့်ဇနီး ဒေါ်သိမ့်သိမ့်ဇင်တို့ ဆေးခန်းသို့သွားနေစဉ် ကလေးသုံးယောက် အိမ်တွင်ကျန်ခဲ့ကြောင်း၊ သေဆုံးသူကလေးနှင့် မောင်နှမဝမ်းကွဲတော်စပ်သည့် အသက်ငါးနှစ်ဝန်းကျင်အရွယ် ယောကျာ်းလေးနှစ်ဦးက မီးခြစ်ဖြင့် စာရွက်ကိုမီးရှို့ပြီးလွှင့်ပစ်ရာမှ ထန်းရွက်ကာ အခန်းကို မီးလောင်ခြင်းဖြစ်သည်ဟုသိရကြောင်း ရာအိမ်မှူး ဦးကျော်ဌေးက ပြောကြားသည်။ 

“ကလေးကအိပ်နေတော့ အိမ်ခန်းထဲမှာထားခဲ့တယ်လို့သိရတာ။ ကလေးတွေက မီးခြစ်နဲ့ဆော့ပြီးပစ်ခဲ့တာကနေ စပြီးတော့လောင်သွားတာ။ အဲဒီတော့ အိပ်နေတဲ့ကလေးက မီးလောင်တာတို့ မီးခိုးမွှန်တာတို့ထိသွားတယ်။ ဆေးရုံကိုပို့တာ ဆေးရုံမှာဆုံးသွားတယ်လို့ပြောတယ်။ ကျွန်တော်တို့ဆီကိုလည်း သတင်းပို့တာနောက်ကျတယ်။ ဖြစ်တာက နှစ်နာရီခွဲလောက်မှာ ကျွန်တော်တို့ဆီကို သုံးနာရီလောက်မှဆက်တယ်။ ကျွန်တော်တို့ သွားကြည့်တဲ့အခါ ရှစ်ပေဆယ့်ငါးပေ သွပ်မိုးထန်းလက်ကာ မြေစိုက်တဲလေး။ အဲဒီတော့ လောင်စာကကောင်းတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန် မီးကငြိမ်းသွားပြီ။ အရပ်ကဝိုင်းငြှိမ်းလိုက်တာ” ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောဆိုသည်။

R-01