News

POST TYPE

LATEST NEWS POST

မိုင်းခတ်မြို့မှ မီးဘေးသင့်ပြည်သူ ၃၆၀ ကျော် အကူအညီများလိုအပ်
14-Feb-2020


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ဝမ်အွမ်ကျေးရွာအုပ်စု အင်ဝမ်မတ် ရွာတွင် ဖေဖော်ဝါရီလ ၁၂ ရက်က အိမ်ခြေ ၆၀ မီးလောင်ခဲ့ရာ မီးဘေးသင့်ပြည်သူ ၃၆၀ ကျော်အတွက် အကူအညီများလိုအပ်နေကြောင်း မိုင်းခတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲက ပြောကြားသည်။

“မီးလောင်ချိန်မှာ ကလေးတွေနဲ့ မိန်းမတွေသာရှိလို့ ပိုင်ဆိုင်တာဘာတစ်ခုမှ မရကြဘူး။ ဒီနေ့ (ဖေဖော်ဝါရီ ၁၃) မှာ ဌာနဆိုင်ရာနဲ့ အလှူရှင်တချို့ ထောက်ပံ့ခဲ့ပေမယ့် အစားအစာတွေနဲ့ အခြားလူသုံးကုန်တွေ လိုအပ်နေသေးတယ်” ဟု၎င်းက ပြောဆိုသည်။

မီးဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနနှင့် လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီက အစားအသောက်၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေအချို့ လှူဒါန်းထောက်ပံ့ထားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှလည်း ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူက ပြောကြားသည်။

“မီးဘေးသင့်ပြည်သူတွေအတွက် အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ အိမ်ဆောက်ဖို့ စရိတ်တွေ ချက်ချင်း ကူညီထောက်ပံ့ပေးထားပေမယ့် အလှူရှင်တွေ လိုအပ်နေပါသေးတယ်။ အဓိကတော့ အမိုးသွပ်နဲ့ ဒေသမျိုးစပါးပါဓဟု ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ဖြည့်စွက်ပြောဆိုသည်။

မီးလောင်မှုဖြစ်သည့်ကျေးရွာတွင် အဲန်တိုင်းရင်းသားများ​နေထိုင်ပြီး အိမ်ခြေ ၇၃ အိမ်ရှိရာ ရွာအစွန်ရှိနေအိမ် မီးကြွင်း မီးကျန်မှ လောင်ကျွမ်းခဲ့သောမီးမှာ လေပွေတိုက်ချိန်နှင့်ကြုံခဲ့သဖြင့် နာရီပိုင်းအတွင်း အိမ် ၆၀ မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၃၆၃ ဦး မီးဘေးသင့်ခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

R-12