News

POST TYPE

LATEST NEWS POST

ကမ္ဘာကျော်ဟားဗက်နှင့် ယေးလ်တက္ကသိုလ်တို့ ပြည်ပမှရရှိနေသော ရန်ပုံငွေများကို အမေရိကန်အစိုးရ စုံစမ်းဖော်ထုတ်
14-Feb-2020


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃

အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာကျော် တက္ကသိုလ်ကြီးများဖြစ်ကြသော ဟားဗက်နှင့် ယေးလ်တက္ကသိုလ်တို့၏ ပြည်ပမှရရှိသော ရန်ပုံငွေအသေးစိတ်ကို အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

ဟားဗက်နှင့် ယေးလ်တက္ကသိုလ်တို့ကိုဆော်ဒီအာရေဗျနှင့် တရုတ်အပါအဝင် နိုင်ငံခြားတိုင်းပြည်များက ပေးသည့် ရန်ပုံငွေနှင့်ပတ်သက်၍ အမေရိကန်အစိုးရ အာဏာပိုင်များက စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။ 

အမေရိကန်ပညာရေးဝန်ကြီးဌာန အဆိုအရ အဆိုပါထိပ်တန်းတက္ကသိုလ်ကြီး နှစ်ခုသည် ပြည်ပမှရသော ဒေါ်လာသန်း ပေါင်းများစွာ တန်ဖိုးရှိသည့် လက်ဆောင်များနှင့် ကန်ထရိုက်များကိုအပြည့်အဝ အစီရင်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။ 

ဟားဗက်နှင့် ယေးလ်တက္ကသိုလ်တို့ အဆိုအရ ၎င်းတို့အနေနှင့် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များအတွက် ပြင်ဆင်လျက်ရှိသည်ဟုဆိုသည်။ 

အမေရိကန်ပြည်ထောင်စုတွင် ပညာရေးဆိုင်ရာ အင်စတီကျူးရှင်းကြီးများကို ပြည်ပမှ ရန်ပုံငွေထောက်ပံ့နေမှုများအား အမေရိကန်အစိုးရက တိုက်ဖျက်ရန် ကြိုးပမ်းနေစဉ် ယခုလိုဟားဗက်နှင့် ယေးလ်တက္ကသိုလ်တို့ စုံစမ်းစစ်ဆေးခံရခြင်းလည်းဖြစ်သည်။ 

အမေရိကန်ဥပဒေများအရ တက္ကသိုလ်များအနေနှင့် ပြည်ပနိုင်ငံများမှ ရရှိသောဒေါ်လာ ၂၅၀,၀၀၀ အထက်ရှိ လက်ဆောင်များ၊ ကန်ထရိုက်စာချုပ်များနှင့် ရန်ပုံငွေများကို ပညာရေးဌာနသို့ အစီရင်ခံရန် လိုအပ်သည်။ 

အမေရိကန်ပညာရေးဌာနက ဇူလိုင်လမှစ၍ ကာတာ၊ တရုတ်၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီးနိုင်ငံတို့မှ ရရှိသော ရန်ပုံငွေမှာ ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုသည်။ အဆိုပါပမာဏသည် လျှော့ချတွက်ချက်ထားခြင်းသာဖြစ်နိုင်သည်ဟုလည်း ပညာရေးဌာနကဆိုသည်။ 

အမေရိကန်အစိုးရအရာရှိကြီးများကလည်း အမေရိကန်တက္ကသိုလ်များသို့ ပြည်ပမှလာသော ထောက်ပံ့ကြေးငွေများမှာ တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်ကြောင်း၊ ယင်းငွေကြေးများနှင့်အတူ အခြားအကြောင်းအရာများလည်း ပါဝင်ပတ်သက်လာနိုင်ကြောင်း ယခင်ကတည်းက သတိပေးပြောဆိုခဲ့ဖူးသည်။ 

“ဒါဟာ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပါတယ်၊ တကယ်လို့ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေအနေနဲ့ နိုင်ငံခြားကလာတဲ့ ပိုက်ဆံတွေ၊ လက်ဆောင်တွေ၊ နိုင်ငံခြားကျောင်းသားတွေ၊ အလှူရှင်တွေကို လက်ခံ နေမယ်ဆိုရင် အခွန်ထမ်းအမေရိကန် ပြည်သူတွေအနေနဲ့ ဘယ်သူတွေဆီက ဘယ်လောက်ရသလဲဆိုတာကို သိရှိပိုင်ခွင့်ရှိရပါမယ်”ဟု အမေရိကန်ပညာရေးဝန်ကြီး ဘက်စ်တီဒီဗိုးစ်က ပြောကြားသည်။ 

“ဖြစ်ချင်တော့ ကျွန်မတို့တွေစုံစမ်းဖော်ထုတ်လေ အစီရင်မခံဘဲထားတဲ့၊ ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ကိစ္စတွေ အမြောက်အမြား တွေ့ရှိရလေပဲ”ဟု မစ္စဘက်စ်တီဒီဗိုးစ်က ဆိုသည်။ 

F-01