News

POST TYPE

LATEST NEWS POST

ရွှေသောင်ယံကမ်းခြေမြို့တွင် ဘင်္ဂါလီ ၄၈ ဦးကို ပို့ဆောင်ပေးသည့် ၅ ဦးကို ဖမ်းဆီး
14-Feb-2020
ပုသိမ်၊ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမြို့ မကျည်းဇင်ကျေးရွာအုပ်စု သဘော့ကန်ကျေးရွာ ပေါက်လှချိုင် ကမ်းခြေတွင် ဘင်္ဂါလီ ၄၈ ဦးကို စက်လှေဖြင့် ပို့ဆောင်ပေးသူ ၅ ဦးအား ရွှေသောင်ယံ နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ညက ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီး ၄၈ ဦးကို တင်ဆောင်လာသော စက်လှေတစ်စင်းကို တပ်မတော် (ရေ) စစ်ရေယာဉ်မှ လိုက်လံစဉ် သဘော့ကန်ကျေးရွာ ပေါက်လှချိုင် ကမ်းခြေကျောက်ဆောင်များအတွင်း ခိုအောင်းနေသော ယင်းစက်လှေမှ ကူးပြေးလာသည့် စက်လှေသမား ၅ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း သဘော့ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက The Voice ကိုပြောသည်။

“သူတို့ ၅ ဦးက ကမ်းဘက်ကို ရေပုံးတွေဖက်ပြီးကူးဝင်လာတာပါ၊ ရခိုင်လူမျိုးတွေပါ၊ ရဲနဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နဲ့ ရွာသူရွာသားတွေက ဝိုင်းဝန်းဖမ်းကြတာ၊ ရွှေသောင်ယံရဲစခန်းကို ခေါ်သွားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပင်လယ်ပြင်စက်လှေအတွင်း ကျန်ရှိနေသည့် ဘင်္ဂါလီများကို မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် အမှတ် ၅၄၆ ဖြင့် ခေါ်သွားကြောင်း၊ ကမ်းသို့ ကူးပြေးလာသူ ၅ ဦးကို ရွှေသောင်ယံ နယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ခိုးဝင်ဘင်္ဂါလီများ ဖမ်းဆီးရမိသည့်သတင်းကို ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုမေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသေးပေ။

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက် ကမ်းခြေဒေသများဖြစ်သည့် ဂေါ်ရန်ဂျီ ကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေ ဒေသများသည် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေပြီး စက်လှေများဖြင့် ရောက်ရှိလာသည့် ဘင်္ဂါလီများကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

R-04