News

POST TYPE

LATEST NEWS POST

ဝူဟန်နမိုးနီးယားသည် လအတန်ကြာအောင်ကူးစက်ဖြစ်ပွားပြီးမှ အဆုံးသတ်နိုင်ဟုသိပ္ပံပညာရှင်များကနဦးခန့်မှန်း
29-Jan-2020


ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ 

တရုတ်ပြည်တွင် စတင်ဖြစ်ပွားခဲ့ပြီး တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးခြိမ်းခြောက်နေသည့် ကိုရိုးနားဗိုင်းရပ်စ်သစ်သည် အနည်းဆုံး လူထောင်ပေါင်းများစွာကို ဒုက္ခပေးပြီး လအတော်များများကြာသည်အထိ ရှိနေနိုင်မည်ဖြစ်သည်ဟု ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက လတ်တလောရရှိထားသည့် အချက်အလက်များကို အခြေခံကာခန့်မှန်းပြောကြားလိုက်ကြောင်း Channel News  Asia သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

တိုရန်းတိုးတက္ကသိုလ်မှ ပါမောက္ခလည်းဖြစ်၊ နိုင်ငံတကာလူ့အသိုက်အဝန်းကြီးထဲတွင် ကူးစက်ဖြစ်ပွားနိုင်သည့်ရောဂါများအကြောင်း လေ့လာဆန်းစစ်ချက် ရေးသားခဲ့သူလည်းဖြစ်သော ဒေါက်တာဒေးဗစ်ဖစ်ရှ်မန်းက “ဖြစ်နိုင်ခြေအရှိဆုံးကတော့ အခုလာမယ့် နွေဦးကနေ နွေရာသီအထိ ဆက်ဖြစ်နေဦးမှာပဲ၊ ပြီးမှ အဲဒီဗိုင်းရပ်စ်ကွယ်ပျောက်သွားမှာ”ဟု ပြောကြားသည်။ 

နော်တန်စတန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ အလက်ဇန္ဒရိုဗက်စ်ပီဂါနီ ကလည်း “ဒီရောဂါဖြစ်ပွားမှုဟာလာမယ့် တစ်ပတ်၊ ဒါမှမဟုတ် နောက်တစ်ပတ်လောက်မှာ ပြီးဆုံးသွားမယ့်ဟာမျိုးမဟုတ်ပါဘူး”ဟု ပြောကြားသည်။ 

လတ်တလောအနေအထားတွင် ကူးစက်ရောဂါကျွမ်းကျင်သူပညာရှင်များအနေနှင့် ရှေ့တွင်ဘာဆက်ဖြစ်လာမည်ကို ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။၎င်းတို့ အနေနှင့် ဗိုင်းရပ်စ်သစ်နှင့်ပတ်သက်၍ ဟိုတစ်စဒီတစ်စရရှိသော အင်ဖော်မေးရှင်းများကို အခြေခံပြီးခန့်မှန်းပြောဆိုနေကြခြင်းသာဖြစ်သည်။ 

၎င်းတို့က သင်္ချာမော်ဒယ်များကို အသုံးပြုပြီးရောဂါဖြစ်ပွားမှု ပကတိအရေအတွက်ကို ခန့်မှန်းခြင်း၊ ယခင်ဖြစ်ပွားခဲ့ဖူးသော ကူးစက်ရောဂါဖြစ်ပွားမှုများနှင့် နှိုင်းယှဉ်ကြည့်ခြင်းစသည် တို့ကိုသာလုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့၏ စိတ်ကူး ခန့်မှန်းချက်များမှာလည်း ရေရာသေချာမှုမရှိပေ။ 

ပြီးခဲ့သည့် စနေ-တနင်္ဂနွေမတိုင်ခင်အထိ သုတေသီများက ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူများသည် ရောဂါရှိသူနှင့် အနေနီးကပ်၍ ကူးစက်ခံရခြင်းမျိုးမဟုတ်ဟု ထင်မှတ်ခဲ့ကြသည်။ 

သို့သော် တနင်္ဂနွေနေ့တွင် တရုတ်ကျန်းမာရေးအာဏာပိုင်များ ထုတ်ဖော်ပြောဆိုသော ရောဂါကူးစက်မှုပုံစံမှာ သုတေသီများ ထင်မှတ်ထားသည်နှင့် ပြောင်းပြန်ဖြစ်နေခဲ့သည်။ 

အမေရိကန်ကျန်းမာရေး အာဏာပိုင်များကမူ ရောဂါလက္ခဏာမပြသော လူနာများမှတစ်ဆင့် အခြားသူများကို ကူးစက်နိုင်သည်ဆိုသော အထောက်အထားမျိုး မတွေ့ရကြောင်း တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားသည်။ 

သို့သော်အကယ်၍သာ ရောဂါလက္ခဏာမပြသော လူနာများကအခြားသူများကို ကူးစက်နိုင်ခဲ့မည်ဆိုပါက အဆိုပါ ဝူဟန်နမိုးနီးယား ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းများမှာ ကြောက်ခမန်းလိလိ မြင့်တက်ပြောင်းလဲသွားမည်သာဖြစ်သည်။ 

သို့သော် ကူးစက်ဖြစ်ပွားနေသူများကို သီးသန့်ခွဲထားခြင်း၊ စနစ်တကျလက် ဆေးကြောခြင်း၊ မျက်နှာဖုံးစွပ်အုပ်ခြင်း စသည်တို့က ကူးစက်ဖြစ်ပွားမှုနှုန်းကို လျှော့ချရာတွင် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။             

F-01