News

POST TYPE

LATEST NEWS POST

အကျဉ်းဦးစီးဌာနဝင်းထဲရှိ ဆိုင်ကယ်နှစ်စီးကို ခိုးယူခဲ့သော လူငယ်နှစ်ဦးအား ဖမ်းမိ
29-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

မော်လမြိုင် အကျဉ်းဦးစီးဌာနဝင်းထဲရှိ မော်တော်ဆိုင်ကယ်နှစ်စီးကို ခိုးယူခဲ့သော လူငယ်နှစ်ဦးအား ဇန်နဝါရီ ၂၇ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူနှစ်ဦးမှာ အသက် ၂၀ နှစ် ဝန်းကျင်ရှိပြီး ဇန်နဝါရီ ၂၇ ရက် ညပိုင်းက မော်လမြိုင်မြို့၊ စစ်တဲကုန်းရပ်ကွက်၊ အထက်ကုန်းလမ်းမကြီးတွင် ၎င်းတို့မောင်းနှင် လာသော ဆိုင်ကယ်ကို လှည့်ကင်းရဲတပ်ဖွဲ့ က မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရန် တားဆီးစဉ် ယင်းလူငယ်နှစ်ဦးက ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ထွက်ပြေးသည့် လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး စစ်ဆေးရာ ၎င်းတို့စီးနင်းလာသည့် မော်တော် ဆိုင်ကယ်နှစ်စီးမှာ မော်လမြိုင် အကျဉ်းဦးစီး ဌာနဝင်းထဲမှ ခိုးယူလာသည့် ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ ဖမ်းမိသည့် လူငယ်နှစ်ဦးအနက် တစ်ဦးမှာ ဆိုင်ကယ်လုယက်မှုဖြင့် ထောင်ဒဏ် သုံးနှစ်ကျခံပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို မော်လမြိုင်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၀ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03