News

POST TYPE

LATEST NEWS POST

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပြည်တွင်းဈေးကွက်တွင် နှာခေါင်းစည်းပြတ်လပ်
29-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၈

တရုတ်ပြည်မှ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပြည်တွင်းဈေးကွက်တွင် နှာခေါင်းစည်း (Mask) ပြတ်လပ်နေကြောင်း ရန်ကုန်မြို့ပေါ်ရှိ ဆေးအရောင်းဆိုင်ကြီးများထံမှ စုံစမ်းသိရှိရသည်။

2019 Novel Coronavirus (2019-nCoV) စတင်ဖြစ်ပွားသည့် ၂၀၁၉ နှစ်ကုန်ပိုင်းမှစ၍ ဇန်နဝါရီ ၂၈ ရက် (ယနေ့) အတွင်း နှာခေါင်းစည်း သုံးစွဲမှု မြင့်တက်လာပြီး ရောဂါစတင်ဖြစ်ပွားသည့် ပထမအပတ်ကတည်းက နှာခေါင်းစည်းဝယ်ယူမှုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့လယ်ကောင်ရှိ ဆေးဆိုင်များထံက သိရသည်။

နှာခေါင်းစည်းများတွင် ဈေးသက်သာသည့် ကျပ် ၅၀ တန် နှာခေါင်းစည်းသာမက ထောင်ဂဏန်းဖြင့် ရောင်းချသည့် N95 နှာခေါင်းစည်းများကိုပါ ဝယ်ယူနိုင်ဦး မည်မဟုတ်ဘဲ မည်သည့်ကာလမှ နှာခေါင်းစည်းများ ပြန်လည်ဝယ်ယူနိုင်မည်ကိုလည်း အတပ်မပြောဆိုနိုင်သေးကြောင်း ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ မင်္ဂလာဆေးဆိုင်တွင် နှာခေါင်းစည်းသွားရောက် ဝယ်ယူသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လူကြီးထက် ကလေးကို ဦးစားပေးရှာဝယ်နေတာ။ ကလေးအတွက် တစ်ဘူးကို ၄၅၀၀ တဲ့။ တစ်ဘူးမှာ နှာခေါင်းစည်း ၃ ခုပဲပါတယ်။ ဒါတောင် Online Shopping မှာ နောက်ဆုံးလက်ကျန် အနေနဲ့ ရလိုက်တာ။ စင်ကာပူမှာတောင် ပစ္စည်းပြတ်နေပြီ။ နောက်ဝယ်လို့မရတော့ဘူးဆိုလို့ဈေးကြီးလည်း ဝယ်လိုက်တာ” ဟု ကလေးဖခင် တစ်ဦးဖြစ်သူ ဦးသီဟက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသောအဝတ်နှင့် နှာခေါင်းစည်းအသုံးပြုရန် တိုက်တွန်းထားသည်။ 
 
အေးသန္တာထွန်း