News

POST TYPE

LATEST NEWS POST

အလုပ်အကိုင်တစ်သောင်းကျော်ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃ ခုခွင့်ပြု
29-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနှင့် ဇန်နဝါရီလ တတိယပတ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၁,၉၅၁ ခု ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃ ခုကို ခွင့်ပြုပေးလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ယင်းလုပ်ငန်းများထဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၅ ခု၊ အတည်ပြုလုပ်ငန်း ၁၈ ခုခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပြု လုပ်ငန်း ၅ ခုနှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း ၁၈ ခု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်း ၂၃ ခုမှ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃၃ ဒသမ ၈၀၃ သန်းရှိပြီး ယင်းလုပ်ငန်း ၂၃ ခုမှာ လျှပ်စစ်ကဏ္ဍမှ ၂ ခု၊ အိမ်ရာ အဆောက်အအုံကဏ္ဍမှ ၁ ခု၊ မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍမှ ၁ ခုနှင့် စက်မှု ကဏ္ဍမှ ၁၉ ခုဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇန်နဝါရီ်လ ၂၄ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၃၁ ဒသမ ၁၈၃ သန်းဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀၈၀ ဒသမ ဝ၆၅ သန်းဖြစ်သည်။

ထို့ပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၂၄ ရက် နေ့အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၁၄၀ သန်းဖြစ်ပြီး စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၅၆ ဒသမ ၂၀၅ သန်းရှိ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုသာ ဦးစားပေးခွင့်ပြုပေးခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့်လုပ်ငန်းများကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တိုင်း လက်သင့်မခံကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။

J-11