News

POST TYPE

LATEST NEWS POST

သင့်လျော်သော ပညာတတ်လူငယ်များရရှိပါက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ဦးကျော်ဇေယျပြော
29-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

သင့်လျော်သော ပညာတတ်လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ရွေးကောက်ပွဲကို ၎င်းအနေနှင့် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထုတ်ပယ်ခံရပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သို့ ပြောင်းလဲခြင်း စာတင်ပြီးဖြစ်ကာ ယင်းပါတီမှနေ၍ မည်သည့်လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ကို မီဒီယာများက မေးမြန်းရာ အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ 

“PPP မှာက ပညာတတ်လူငယ်တွေများတယ်။ ပါတီဝင်လျှောက်လွှာသွားတင်တဲ့နေ့က ပါတီအမှုဆောင်တွေရော၊ ပါတီဝင်လူငယ်တွေရော တွေ့ဆုံခဲ့တယ်။ ဒီလို လူငယ်တွေများတော့ အနာဂတ်နိုင်ငံရေးအတွက် ကောင်းတာပေါ့လို့ စကားသွားပြောမိတာ၊ အဲဒီမှာ လူငယ်တစ်ဦးက အနာဂတ်နိုင်ငံထက် အခုပစ္စုပ္ပန်မှာ လုပ်လို့မရဘူးလားလို့ ထမေးတယ်။ အဲဒီလိုမေးတော့ ရပါတယ်၊ ရပါတယ်လို့ ဖြေပေးခဲ့ရတယ်။ ပညာတတ်လူငယ်တွေ၊ သင့်တော်တဲ့ လူငယ်တွေရှိခဲ့ရင် ရွေးကောက်ပွဲဝင်ပြိုင်သွားမှာ မဟုတ်ပါဘူး။ သူတို့ကို နေရာပေးသွားမှာပါ” ဟု ဦးကျော် ဇေယျက ဆိုသည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ၂၀၁၃ ခုနှစ် တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒဂုံမြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၁၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြခဲ့ရာတွင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဇန်နဝါရီလ ၁၉ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သို့ ဝင်ရောက်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဇော်မိုးလွင်