News

POST TYPE

LATEST NEWS POST

မြေပုံတွင် တပ်မတော်က တိုက်ပွဲရှောင်စခန်းမထားရန် တားမြစ်သဖြင့် ဒေသခံ ၃၀၀ ကျော် အခက်အခဲများကြုံတွေ့
29-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈ 

မြေပုံမြို့နယ် စညှင်းကျေးရွာတွင် တိုက်ပွဲရှောင်စခန်းမထားရန် တပ်မတော်က ညွန်ကြားထားသောကြောင့် ဒေသခံ ၃၀၀ ကျော် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရင်ငွေ့ပန်း စစ်ဘေးရှောင်ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုရွှေစိုးက ဆိုသည်။

“သူတို့စားစရာတွေ အခက်အခဲတွေ ဖြစ်နေတယ်။ ပြောင်းရွှေ့မယ့်နေရာက မရှိတော့ ဒီနေရာမှာပဲ နေရတယ်။ ပြောင်းရွှေ့ခိုင်းပေမယ့် ဘာမှလုပ်ဆောင်ပေးတာမရှိဘူး” ဟု ၎င်းက ဆိုသည်။

စညှင်းစစ်ရှောင်စခန်းကို ဇန်နဝါရီ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲများကြောင့် အနီးရှိ ကျေးရွာများဖြစ်သည့် ဟင်းခရော်၊ ဆတ်ရ၊ အင်ကြင်းကျေးရွာများက စစ်ဘေးရှောင်များ လာရောက်နေထိုင်ကာ စစ်ရှောင် ၃၇၅ ဦးရှိနေသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ၏ အရှေ့ဘက်မီတာ ၃၀၀ ခန့် အကွာတွင် မိုင်း ၁ လုံးပေါက်ကွဲသံ ကြားရသောကြောင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက ဇန်နဝါရီ ၂၆ ရက်၌ သွားရောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ စစ်ရှောင်စခန်း၏ အနောက်မြောက်ဘက် မီတာ ၂၀ ခန့် အကွာ ကားလမ်းဘေးတွင်ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသည့် အချင်း ၃ လက်မ၊ အရှည် ၄ လက်မခန့်ရှိ ဒေသန္တရမိုင်း ၁ လုံး နှင့် နင်းမိုင်းခလုတ် ၁ ခုတို့ကို တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

စညှင်းရွာအနီးတွင် AA အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများ မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင်စခန်းကို AA အဖွဲ့က ရွာသားအသွင်ဖြင့် ဝင်/ထွက်မှုများ ရှိနေသောကြောင့် သံဃာတော်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ရှိသည့်အတွက် စစ်ရှောင်စခန်းချထားခြင်း မပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှင်းနုဝင်း