News

POST TYPE

LATEST NEWS POST

အီတလီနိုင်ငံမှ စက်ဘီးစီးအဖွဲ့က မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာရှိ လူထုအခြေပြုခရီးသွားလုပ်ငန်းသို့ လာရောက်လေ့လာ
29-Jan-2020
ဓာတ်ပုံ-ချမ်းသာ

မိတ္ထီလာ၊ ဇန်နဝါရီ ၂၈

အီတလီနိုင်ငံအရှေ့မြောက်ပိုင်းရှိ Porto Viro ဒေသမှ အီတလီနိုင်ငံသားလေးဦးပါဝင်သည့် စက်ဘီးစီးအဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၈ နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာရှိ လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဓလေ့များကို လာရောက်လေ့လာခဲ့ကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသော ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

"မိတ္ထီလာက စက်ဘီးစီးအဖွဲ့တွေပါ၊ သူတို့ကို သွားကြိုပြီးတော့ ကျွန်မတို့ဆီကို လိုက်ပို့တာ။သူတို့က ခရမ်းချဉ်၊ ငရုတ်၊ ကုလားပဲ စိုက်ခင်းတွေကိုကြည့်တယ်။ထန်းကုလားထိုင်လုပ်ငန်းကို ကြည့်တယ်။နွားစာစဉ်းတာတွေ၊ အိမ်တွေမှာ (ရိတ်ပြီး) ပဲစင်းငုံ ဘယ်လိုသိမ်းတယ်၊ အသီးအရွက် ဘယ်လိုခွဲတယ်ဆိုတာတွေကိုပြတာ" ဟု ဆွာတောကျေးရွာ အခြေပြုခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး မအေးပပမျိုးက ပြောသည်။

၂၀၁၉ ခုနှစ်တွင် ဆွာတောကျေးရွာသို့လာရောက်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် အဖွဲ့ပေါင်းမှာ ၁၅ ဖွဲ့ ခန့်ရှိခဲ့ပြီး ၂၀၂၀ ဇန်နဝါရီလတွင် ဧည့်သည်လာရောက်မှုမှာ ၅ ဖွဲ့ခန့်ရှိခဲ့ကြောင်း ၊ လာမည့်ဖေဖော်ဝါရီနှင့် မတ်လတွင် နောက်ထပ် ၄ ဖွဲ့ လာရောက်မည်ဖြစ်ရာ ကျေးရွာတွင်ပြကွင်းပြကွက်အသစ်များ ပြနိုင်ရန် စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့ခြင်းနှင့် ဝါးနှင့်ပြုလုပ်မည့် လက်မှုလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

"မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ဖူးတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ပုဂံ၊ မန္တလေးနဲ့ အင်းလေးဒေသဘက်မှာလည်း စိတ်ဝင်စားစရာတွေအများကြီးတွေ့ခဲ့ရတယ်။ အခုလာရောက်တဲ့ မိတ္ထီလာ ဆွာ တောကျေးရွာက ကျေးရွာဒေသခံတွေက အရမ်းဖော်ရွေပြီး အမြဲတမ်းပဲပြုံးရွှင်နေကြတယ်။မြန်မာနိုင်ငံကလူတွေဖော်ရွေ ပြုံးရွှင်ကြတာတွေ့ရပြီး အီတလီနိုင်ငံက လူတွေက အခုလို ပြုံးရွှင်ပြီး တစ်ဦးနဲ့ တစ်ဦးနှုတ်ဆက်ကြတဲ့ဓလေ့မရှိကြဘူး။ ဆွာတောရွာကိုလာရောက်လေ့လာခွင့်ရတာ အများကြီးကျေနပ်ပျော်ရွှင်မှုရပါတယ်" ဟု အီတလီစက်ဘီးစီးအဖွဲ့ခေါင်းဆောင် Mr. Mario Mantovan က ပြောသည်။

အီတလီစက်ဘီးစီးအဖွဲ့သည် မန္တလေး၊ အမရပူရ၊ မြင်းခြံ၊ ပုဂံ၊ အင်းလေး၊ ပင်းတယ၊ အောင်ပန်း၊ ကလောခရီးစဉ် များကို သွားရောက်ခဲ့ပြီးဖြစ်၍ မိတ္ထီလာ၊ ရမည်းသင်း၊ နေပြည်တော်ခရီးစဉ်များ ပြီးစီးပါက လာမည့်ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် လူထုစက်ဘီးစီးပွဲတော်သို့ ပါဝင်ဆင်နွှဲရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

R-01