News

POST TYPE

LATEST NEWS POST

မြန်မာ-အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့တွင် ဝူဟန်ဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်
28-Jan-2020


ကလေး ဇန်နဝါရီ ၂၈

မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်သည့် ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ဝူဟန်ဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရိခေါဒါရ်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဆရာမ တင်တင်လှက ပြောသည်။

ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနယ်စပ် တံတားအနီး မြန်မာဖက်ခြမ်းတွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ခရီးသည်အားလုံးကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက်မှ စတင်စစ်ဆေးနေခြင်း ဖြစ်သည်။

“တစ်နေကုန် စစ်ဆေးမှုမှာတော့ ဘာမှမတွေ့ရဘူး။ လာတဲ့ခရီးသည်တိုင်းကို အဖျားတိုင်းတာတွေ လုပ်နေတယ်။ လာတဲ့ ခရီးသည်တိုင်းကိုတော့ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပုံ ရောဂါလက္ခဏာ ဘယ်လိုရှိတယ်ဆိုတာ ရှင်းပြတယ်”ဟု ဆရာမ တင်တင်လှက ပြောသည်။

ရိခေါဒါရ်မြို့ မြန်မာဖက်ခြမ်းတွင် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း အိန္ဒိယနိုင်ငံဖက် တံတားတစ်ဖက်ခြမ်းတွင် စစ်ဆေးမှုများ ပြုလုပ်သည်ကို မတွေ့ရကြောင်း ၄င်း၏ ပြောပြချက်အရသိရသည်။ မြန်မာ-အိန္ဒိယနယ်စပ် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်ဂိတ်နှစ်ခုရှိပြီး ရိခေါဒါရ်နှင့် တမူးမြို့တို့ ဖြစ်သည်။ တမူးမြို့တွင်လည်း ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် မှ စတင် မြန်မာ-အိန္ဒိယနယ်စပ် တံတားအနီး မြန်မာဖက်ခြမ်းတွင် ဝူဟန်ဗိုင်းရပ်စ် စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တမူးမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

“ရောဂါစောင့်ကြည့်တဲ့ လုပ်ငန်းအနေနဲ့ ကျွန်တော်တို့က ဝင်လာတဲ့သူတွေကို အဖျား ရှိ မရှိ တိုင်းတယ်။ မနေ့က ၃၇၀ လောက် လုပ်တာမှာ တစ်ယောက်မှ အဖျားမရှိဘူး။ ဒီနေ့လဲ ဆက်လုပ်နေတယ် ဖေဖော်ဝါရီလကုန်အထိ လုပ်မယ်ဆိုပြီး တောက်လျောက် ဂျူတီဆွဲထားတယ်” ဟု တမူးခရိုင်ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာသူရက ပြောသည်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အာချေးခရိုင်အတွင်း ဇန်နဝါရီလ ၁၇ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၉ ရက်နေ့တို့တွင် အမျိုးသမီးနှစ်ဦး အမည်မသိ ရောဂါတစ်မျိုးဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်ဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ မှစတင်ဖြစ်ပွားခဲ့ပြီး နိုဗယ်ကိုရိုနာ (2019-nConV) ရောဂါဖြစ်ပွားနေသူ ၄၅၀၀ ဦးရှိပြီး ၁၀၆ ဦး သေဆုံးကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံအစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

R-20