News

POST TYPE

LATEST NEWS POST

ကျိုက်ခေါက်ဘုရား ရွှေကြိုတဲတန်းများ အဓမ္မပြောင်းရွှေ့ခံနေရဟု သီလဝါရွာသားများဆို
28-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကျိုက်ခေါက်ဘုရားပွဲတော်သို့ နှစ်စဉ်တက်ရောက်ကာ ဆွမ်းကပ်ခဲ့ကြသည့် ရွှေကြိုတဲတန်းနေရာများကို အများဆန္ဒမပါဘဲ ဂေါပကအဖွဲ့က စေတီတော်နှင့် ဝေးလံသောနေရာသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း သီလဝါရွာသားများထံမှ သိရသည်။ 

ကျိုက်ခေါက်ဘုရားဂေါပကအဖွဲ့က အဆိုပါနေရာများကို ဈေးနှုန်းပိုပေးသည့် ဆိုင်ခန်းရှင်များအား ဦးစားပေးငှားရမ်းကာ ၎င်းတို့ကို နေရာရွှေ့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရွာသားများက ဇန်နဝါရီ ၂၇ ရက်က  ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

"အရင်ကနေရာကို ပြန်တောင်းဆိုတော့ သူတို့ကဈေးပိုရတဲ့ ဆိုင်ခန်းတွေကို ငှားတယ်၊ ကျွန်တော်တို့ ဂေါပကအဖွဲ့နဲ့ ၃ ခါထိ သွားဆွေးနွေးတယ်၊ အဲ့ဒါကို ကျွန်တော့်လက်ထက်မှာ ကျွန်တော့်တစ်မိန့်ပဲလို့ ပြောတယ်" ဟု သီလဝါ ရွာသားတစ်ဦးက အဆိုပါရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါရွာသားများမှာ ရှေးယခင်ကတည်းက ကျိုက်ခေါက်ဘုရားပွဲတော်ကျင်းပချိန်ရောက်တိုင်း တစ်နှစ်ပတ်လုံး ရှာလာသည့်ငွေများဖြင့် ကျိုက်ခေါက်ဘုရားသို့ နံနက်တိုင်း ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းကပ်လှူပူဇော်ရန် လာရောက်ကြပြီး ဘုရားပရိဝုဏ်တွင် ရွှေကြိုတန်းတဲဟု ခေါ်သော တဲများထိုးကာပွဲတော်ပြီးသည့် ရက်အထိတစ်ရွာလုံး နေထိုင်စားသောက်ကြခြင်းဓလေ့ ဖြစ်သည်။

ဘုရားပွဲစသည့်နေ့မှ ဆုံးသည့်နေ့အထိ ရွှေကြိုတဲ ၅ ပေ တစ်ခန်းလျှင် ၃၃၀ဝ ကျပ်၊  ဘုရားကုန်းတော်ပေါ်တွင် ဆိုင်ခန်းတစ်ခန်းလျှင် ၄၀ဝ၀ဝ ကျပ်နှင့် လမ်းမတန်းရှိ ဆိုင်ခန်းတစ်ခန်းလျှင် ၆၀ဝ၀ဝ ကျပ်ဖြင့် ငှားရမ်းနေကြောင်း သီလဝါရွာသူရွာသားများထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုက်ခေါက်ဘုရားဂေါပကအဖွဲ့မှ ဒုဥက္ကဋ္ဌက "အခု အရင်ကသူတို့နေရာကို ပြန်ပေးပြီး တဲလည်းဆောက်ပေးပြီးသလို လူတွေလည်းလာနေနေကြပြီ။ အားလုံးလည်း အဆင်ပြေနေပါပြီ" ဟုပြောသည်။

ယခင်နေရာတွင် ပြန်လည်နေရာချထားပေးသော်ငြားလည်း ဂေါပကအဖွဲ့မှ ထိုနေရာတွင် သစ်သီးဝလံများ စိုက်ပျိုးထားသောကြောင့် ပျောက်ဆုံးပျက်စီးမှုများရှိပါက ပေးလျော်ရမည်ဟု ပြောကြောင်းယင်းသီလဝါရွာသားက ပြောသည်။  

မူလ ရွှေကြိုတဲတန်းများသည် ဘုရားအနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြားတွင်တည်ရှိပြီး ဂေါပကအဖွဲ့၏ ခိုင်းစေချက်ကြောင့်  အလယ်ပစ္စယာကုန်းတော်မြေသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ 

ထို့အပြင် သစ်သီးများပျက်စီးမည်စိုးသောကြောင့် ယခုနှစ်ပွဲတော်တွင် ယင်းတဲတန်းများကို ကျိုက်ခေါက်ဘုရားကန်ဘက်သို့ ပြောင်းရွှေ့ ခြင်းခံရခြင်းကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောကြားသည်။

မို့မို့အေး