News

POST TYPE

LATEST NEWS POST

သိမ်းဆည်းခံလယ်မြေများအတွက် ရန်ကုန်အစိုးရက ကျပ် ၁၅ ဘီလီယံကျော်ပေးလျော်
28-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သိမ်းဆည်းခံလယ်မြေများအတွက် လယ်သမား ၁၃၉ ဦးကို မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် သိန်း ၁၀ဝ နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ ၁၅ ဘီလီယံကျော် ပေးလျော်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံမှသိရသည်။ 

အဆိုပါလျော်ကြေးငွေပေးအပ်ပွဲကို ရန်ကုန်မြို့တော်ခန်းမတွင် ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

"သိမ်းဆည်းခံလယ်မြေတွေကို ကျွန်တော်တို့ ဘတ်ဂျက်ငွေအတွင်းမှာ ၃၀ ဘီလီယံလျော်နိုင်ဖို့ပြင်ဆင်ထားပါတယ်။လာမည့် ဧပြီလမှာ ထပ်မံရေးဆွဲမယ့် ဖြည့်စွက်ဘဏ္ဍာငွေမှာ ၂၀ဝ ဘီလီယံကျော်လောက်ထပ်ပြီး ထည့်သွင်းချင်တာမို့ ကျွန်တော်တို့ငွေရှာနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါမြေယာလျော်ကြေးများ ပေးချေနိုင်ရန် မူလမြေပိုင်ရှင်များအနေနှင့် အချက်အလက်များတင်ပြရန် လိုအပ်ပြီး မြေယာလျော်ကြေးယူသူနှင့် ပေးသူအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မြေယာလျော်ကြေးငွေများကို ချက်လက်မှတ်ဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ငွေသားရရှိသူအတွက် လုံခြုံမှုရှိစေရန်နှင့် အလွယ်တကူပျောက်ပျက်မှုမရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါပွဲမှသိရသည်။

ယင်းမြေယာလျော်ကြေးငွေများကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ တိုက်ကြီးမြို့နယ်များမှ တောင်သူ ၁၃၉ ဦးအတွက် ကျပ် ၁၅ ဒသမ ၅ ဘီလီယံကျော်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းလျော်ကြေးငွေများကို ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးဆောင်ရွက်နိုင်ရန် မြေယာလျော်ကြေးရရှိမည့် တောင်သူများဘက်က တိကျသည့် အချက်အလက်များဖြင့် လာရောက်တင်ပြရန်လိုအပ်ပြီး အစိုးရဘက်က မြေယာလျော်ကြေးများကို အတိအကျ ပေးလျော်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။ 

ပြည့်ဖြိုးမြင့်မွန်