News

POST TYPE

LATEST NEWS POST

အရှေ့တောင်အာရှနိုင်ငံများအတွက် ဝူဟန်ဗိုင်းရပ်စ် သတိပေးချက် WHO ထုတ်ပြန်
28-Jan-2020
ဘန်ကောက်၊ ဇန်နဝါရီ ၂၇

တရုတ်နိုင်ငံဝူဟန်မြို့တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ ဝူဟန်ဗိုင်းရပ်စ် ခေါ် ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်ကူးစက်လာခြင်းကို လျင်မြန်စွာသိရှိခြေရာခံနိုင်ရန်နှင့် ပျံ့နှံ့ခြင်းကိုကာကွယ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာရုံးခွဲ  ဒေသတွင်းနိုင်ငံများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဒေသတွင်းနိုင်ငံများ အခြေအနေကို မပြတ်ဂရုစိုက်နေရန်နှင့် လျင်မြန်စွာခြေရာခံနိုင်စေရေး အသင့်အနေအထားကို ပြင်ဆင်ထားရန်အတွက် ဒေသဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာပွန်နန်ခီတရာ ပေါ်ဆင်းဂ်က ပြောကြားထားသည်။ 

"ကိုရိုနာဗိုင်းရပ်စ်မျိုးသစ်အကြောင်း သိရှိရသမျှနဲ့ အသင့်အနေအထားကို ပြင်ဆင်ခြင်းများ လုပ်ရမယ့်အချိန် ဖြစ်ပါတယ်" ဟု ဒေါက်တာဆင်းဂ်က ပြောကြားခဲ့သည်။ 

WHO အနေနှင့် ဖြစ်စဉ်ကို ခြေရာခံသိရှိခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်း၊ ကူးစက်မှုကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ဗိုင်းရပ်စ်ရှိသည်ဟု သံသယရှိသူလူနာများကို နေအိမ်တွင် ပြုစုကုသခြင်း၊ ကူးစက်မှုလျှော့ချခြင်းတို့အတွက် လမ်းညွှန်ချက်များကို ပြင်ဆင်ထားကြောင်းလည်း သတိပေးစာတွင် ထည့်သွင်းဖော်ပြထားသည်။ 

အဆိုပါ လမ်းညွှန်ချက်များအတိုင်း ဖြစ်စေရေးအတွက် ဒေသတွင်းအရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း WHO ကဆိုသည်။ 

ကိုရိုနာဗိုင်းရပ်စ်အသစ်သည် အရှေ့တောင်အာရှနိုင်ငံ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ တို့တွင် တွေ့ရှိနေရပြီး တောင်အာရှ နီပေါတွင်လည်း တွေ့နေရပြီဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်အသစ်ကို Novel Coronavirus-2019 ဟုခေါ်ဆိုပြီး နိုင်ငံတကာအခြေအနေအရ စိုးရိမ်ရသော ကျန်းမာရေး အရေးပေါ် အခြေအနေ PHEIC အဖြစ် မကြေညာသေးသော်လည်း  စိုးရိမ်ရမှုမြင့်မားသည့် အခြေအနေအဖြစ် သတ်မှတ်ထားသည်။     

F-02