News

POST TYPE

LATEST NEWS POST

ဝူဟန်ကူးစက်မြန်ရောဂါကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးရပ်ဆိုင်း
27-Jan-2020

ဓာတ်ပုံ - ခွာညို သစ်သီးပွဲရုံ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်ဒေသမှအစပြုကာ စတင်ကူးစက်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ရောဂါကြောင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ်များ ရပ်ဆိုင်းလျက်ရှိကြောင်း မူဆယ်မြို့ရှိ ကုန်သည်များထံမှ သိရသည်။ 

ထို့ပြင် ဖရဲသီး၊ သခွားမွှေးထုတ်လုပ်တင်ပို့ရောင်းချသူ တောင်သူများ နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် တရုတ်ဘက်က ယင်းရောဂါကိုထိန်းချုပ်နိုင်ပြီး အခြေအနေတည်ငြိမ်သည်အထိ စောင့်ဆိုင်းတင်ပို့ကြရန်အတွက်လည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင်လည်း အထူးသတိပေးကြေညာချက် ထုတ်ပြန်ထားသည်။

“အရောင်းအဝယ်မကောင်းဘူး။ မူဆယ်ဂိတ်တော့ ပိတ်တာမရှိဘူး။ လူအဝင်အထွက်ကတော့ တော်တော်နည်းသွားပြီ။ ဒီဘက်ကလည်း တရုတ်ရောဂါကြောက်လို့မသွားရဲ။ တရုတ်ကလည်း သူ့အပူနဲ့သူ ဒီဘက်ကိုမကူးရဲ။ ခါတိုင်း ထောင်ချီဝင်ထွက်နေတဲ့နေရာက တစ်ဦးစ၊ နှစ်ဦးစပဲရှိတော့တယ်” ဟု ခွာညိုသစ်သီးပွဲရုံမှ မန်နေဂျင်းဒါရိုက်တာဦးစိုင်းခင်မောင်က ပြောသည်။

ဝူဟန်ကူးစက်မြန်ရောဂါကြောင့် တရုတ်နိုင်ငံအတွင်း အရေးပေါ်အခြေအနေဖြင့် လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ၊ ခရီးသွားလာမှုလမ်းကြောင်းများကို တရုတ်အစိုးရက ကန့်သတ်ထားပြီး မြန်မာနိုင်ငံဘက်မှတင်ပို့လာသည့် သစ်သီးဝလံများကို တရုတ်နိုင်ငံက အရေးပေါ်အခြေအနေနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ကန့်သတ်ထားမှုကြောင့် တင်ပို့ရောင်းချမှုနှင့် ဝယ်ယူမှုဈေးကွက်တွင် လုံးဝ အခက်အခဲဖြစ်ပေါ်နေကြောင်း ကြေညာချက်တွင် ပါရှိသည်။

“ဒီနေ့ (ဇန်နဝါရီ ၂၇ ရက်) မှာ တရုတ်ဝယ်လက် ၁၀၃ ဦး တက်လာတာတွေ့ရတယ်။ အများစုက ရွှေလီကပွဲစားနဲ့ ပွဲတော်ရက်မပြန်ကြတဲ့ တရုတ်ဝယ်လက်တွေပါ။ ဝယ်ဖို့ထက်စောင့်ကြည့်တဲ့သူ ပိုများတယ်။ ရောင်းအားမကောင်းဘူး လက်ကျန်များတယ်။ ကူးစက်မြန်ရောဂါကြောင့် ဖရဲ၊ သခွားဈေးကွက်ကို တိုက်ရိုက်ဆိုးကျိုးသက်ရောက်ပြီ” ဟု ဖရဲ၊ သခွားကုန်သည်တစ်ဦးက ပြောကြားသည်။

ထို့ပြင် တရုတ်ပြည်မှ အဝယ်မရှိသည့်အတွက် မူဆယ်နယ်စပ်ပို့ဆောင်မည့် လမ်းတဝက်သို့ရောက်ရှိနေသည့် ဖရဲ၊ သခွား ကုန်ကားများအနေဖြင့် ရောက်ရာအရပ်မှလှည့်ပြန်ကာ ပြည်တွင်းဈေးကွက်သို့ ပြန်လည်ရောင်းချသင့်ကြောင်း မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဌဦးစိုင်းမြင့်ဗိုလ်က ပြောသည်။

“ဝယ်တဲ့သူမရှိတဲ့အတွက် အခုအနေအထားနဲ့ဆိုရင် လမ်ခရီးတဝက်လောက်ရောက်နေတဲ့သူဆိုရင် မြန်မာပြည်ထဲမှ ပြန်လှည့်သင့်တယ်။ တရုတ်ဘက်မှာက အခြေအနေအတော်ဆိုးနေပြီ အရောင်းမဝယ်မရှိသလောက်ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။ 

တရုတ်ပြည်တွင်းစားသုံးသူများအနေဖြင့် ပြင်ပသို့ထွက်ခွာခြင်းမရှိသောကြောင့် မိမိနိုင်ငံအတွင်းမှ သစ်သီးကားများအနေဖြင့်လည်း ရောင်းချနိုင်ရေးအတွက်အခက်အခဲများရှိမည်ဖြစ်ပြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးသူများအနေဖြင့် အခြေအနေကြည့်၍သာ အသီးခူးဆွတ်ခြင်း၊ တင်ပို့ခြင်းများဆောင်ရွက်ကြရန်နှင့် ပြောင်းလဲမှုအခြေအနေများကို အချိန်နှင့်တပြေးညီတင်ပြပေးသွားမည်ဖြစ်ကြောင်း အရှေ့မြောက်တံခါးသစ်သီးပွဲရုံထံမှ သိရသည်။

အလားတူ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းအတွင်လည်း တရုတ်ဘက်မှ အဝင်အထွက်ကို ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါရောဂါကြောင့် လက်ရှိအချိန်အထိ သေဆုံးသူဦးရေ ၈၀ ကျော်ကာ ကူးစက်ခံရသူ ၂၀၀၀ ဝန်းကျင်အထိရှိလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

J-11၊ ပြည့်ပြည့်