News

POST TYPE

LATEST NEWS POST

နိုင်ငံခြားသားများ နေမကောင်းပါက ချက်ချင်းသတင်းပို့ရန် ဟိုတယ်များသို့ ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြား
27-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသည်များထဲတွင် သံသယခရီးသည်များ တွေ့ရှိပါက သက်ဆိုင်ရာဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကို သတင်းပို့ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံ အကြောင်းကြားထားသည်။

ရောဂါဖြစ်ပွားရာဒေသများမှဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းဝင်ရောက်လာစဉ်က သံသယဖြစ်ဖွယ် လက္ခဏာများမရှိခဲ့သော်လည်း ရောဂါပျိုးချိန်မှာ ရက်သတ္တပတ် ၂ ပတ်ခန့် ရှိသည်ဖြစ်သဖြင့် ၎င်းကာလအတွင်း ရောဂါဖြစ်ပွားမှုရှိနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ယင်းအတွက်ကြောင့် သံသယခရီးသည်များတွေ့ရှိပါက ၎င်းလူနာမှတစ်ဆင့် အခြားလူများသို့ ရောဂါကူးစက်ခြင်းအား ထိန်းချုပ်နိုင်ရန်အတွက် ဟိုတယ်များနှင့် တည်းခိုခန်းများသို့ လာရောက်တည်းခိုသည့် နိုင်ငံတကာခရီးသည်များထံတွင် ဖျားခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် အဆုတ်ရောင်ရောဂါများလက္ခဏာများဖြစ်ပွားပါက ချက်ချင်းသတင်းပို့ရန် ညွှန်ကြားထားခြင်းဖြစ်သည်။ 

“ဖြစ်တာနဲ့ ကျန်းမာရေးက ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောလိမ့်မယ်။ဒီနေ့ ကျွန်တော် ဝန်ကြီးတွေနဲ့တွေ့တော့လည်း ပြောခဲ့ပြီးပါပြီ။ ဒီနေ့ဆွေးနွေးတဲ့ အချက်တွေကိုလည်း မှတ်တမ်းတင်ပြီး တစ်ပြည်လုံးမှာရှိတဲ့ ဟိုတယ်တွေကိုဖြန့်ပေးပါ။ဒီဟာကို လုပ်တဲ့နေရာမှာ ကျွန်တော်တို့ပဲလုပ်လို့မရဘူး။အားလုံးပါမှရမယ်” ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဟိုတယ်လုပ်ငန်းရှင်များအသင်းက ပြုလုပ်သည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင်ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပေးအချက်အလက်များအား ဝန်ထမ်းများနှင့် ခရီးသည်များမှ လွယ်လင့်တကူသိရှိနိုင်ရန် ကျန်းမာရေးအသိပညာပေးဗီနိုင်းများ တပ်ဆင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဟိုတယ်နှင့် တည်းခိုခန်းများကို အကြောင်းကြားပေးရန်ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထည့်သွင်းပေးပို့ထားသည်။

ဇန်နဝါရီ ၂၇ရက်အထိ ၎င်းဗိုင်းရပ်စ်သည်နိုင်ငံပေါင်း ၁၃ နိုင်ငံအထိပြန့်နှံ့နေပြီး ရောဂါဖြစ်ပွားသူမှာ၂၈၀ဝ ကျော်ရှိကာ သေဆုံးသူမှာ၈၀ ကျော်အထိရောက်ရှိလာပြီဖြစ်သော်လည်း တရုတ်နိုင်ငံသားများ ဝင်ထွက်မှုအများဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် ၎င်းရောဂါ ကူးစက်ခံရသူမရှိသေးဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောင်သက်ကို