News

POST TYPE

LATEST NEWS POST

အစိုးရနှင့်ဝန်ထမ်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရန်တာဝန်ရှိဟု ပဲခူးဝန်ကြီးချုပ်ပြော
27-Jan-2020


တောင်ငူ၊ ဇန်နဝါရီ ၂၆

အစိုးရနှင့် ဝန်ထမ်းအဖွဲ့အစည်းများဆိုသည်မှာ ပြည်သူများကို ဝန်ဆောင်မှုပေးရန် တာဝန်ခံထားရသူများသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဇန်နဝါရီလ ၂၅ ရက်နေ့က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ၊ စန္ဒိမာလ ဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ၂ နာရီကျော်ခန့်က ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပခဲ့စဉ် ဝန်ကြီးချုပ်က ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အရင်က ပြည်သူတွေဟာ ဌာန ဆိုင်ရာရုံးသွားပြီး မိမိတို့ရဲ့လိုအပ်ချက်တွေ၊ မတရားခံရတာတွေ တင်ပြဖို့ မသိစိတ်က ကြောက်ကြတယ်။ ဒီကနေ့အချိန်မှာ အကြောက်တရားကင်းပြီး အမှန်တရား ဘက်ရပ်တည်ရဲတဲ့ လူ့ပတ်ဝန်းကျင်တစ်ခုကို ရောက်ရှိနေပြီလို့ ပြောရမှာပါ”ဟု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

NLD ဦးဆောင်သည့် အစိုးရသည် တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ရန် ကြိုးစားဆောင် ရွက်လျက်ရှိပြီး တစ်နည်းအားဖြင့် လူ့တစ်ဦးချင်းစီ၏ အခွင့်အရေးကို ဥပဒေအရ အကာအကွယ်ပေးနိုင်သော လူ့အသိုက်အဝန်းတစ်ခုကို ဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှာကြားချက်အရဟုဆိုကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဒေသခံပြည်သူများကို ဆက်တိုက်လိုက်လံတွေ့ဆုံနေခြင်းလည်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ဒေသခံပြည်သူ စုစုပေါင်း ၂၈၀ ခန့် တက်ရောက်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

R-15