News

POST TYPE

LATEST NEWS POST

ရွေးကောက်ပွဲအောင်နိုင်ရေးဗျူဟာများ မချမှတ်ရသေးဟု NLD ဆို
27-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၆

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အောင်နိုင်ငံရေးဗျူဟာများ ချမှတ်ရခြင်းမရှိသေးကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြင်ဆင်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မူအားဖြင့် တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်း အောင်နိုင်ရေး စီမံချက်များ လုပ်ဆောင်ရခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အောင်နိုင်ရေးစီမံချက်တွေ၊ အောင်နိုင်ရေးဗျူဟာတွေ ဘာမှမလုပ်ရသေးပါဘူး။စည်းရုံး ရေးသဘောအနေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းအရ၊ အစုအဖွဲ့တစ်ဖွဲ့ချင်းအရ၊ ကော်မတီတစ်ဖွဲ့ချင်းအရ သွားတဲ့လာတဲ့သဘောပဲ  ရှိပါသေးတယ်။တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က တစ်နိုင်ငံလုံး ဝင်ပြိုင်မှာပါပဲ" ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အနေနှင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ပြောကြားထားသည်။

NLD ပါတီအနေနှင့် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံး အခြေအနေနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အစိုးရအဖွဲ့ဖွဲ့နိုင်သည်အထိ အပြတ်အသတ်အနိုင်ရထားခဲ့သည်။                                                    

J-08