News

POST TYPE

LATEST NEWS POST

တာချီလိတ်တွင် ကျပ်သိန်း ၄၆၀ဝ တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ဖမ်းမိ
27-Jan-2020

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ဇန်နဝါရီ ၂၄ ရက်နေ့က ဒေသကာလပေါက်ဈေး ကျပ်သိန်း ၄၆၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ကဖင်းမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှသိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ မယ်လိပါကော်ကျေးရွာအနီး တောလမ်းတွင်အခင်းဖြစ်နေ့ ညနေပိုင်းက ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီးကို စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ဘေးရှိ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀,ဝ၀ဝ ပြား (ဒေသကာလပေါက်ဈေး ကျပ်သိန်း ၃၆၀ဝ) ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ညပိုင်းတွင် မယ်လိပါကော်ကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးမှာ ရပ်တန့်ထားသဖြင့် ယင်းယာဉ်အား စစ်ဆေးရှာဖွေရာ ဘိလပ်မြေအိတ်ခွံအတွင်းမှ အလေးချိန် ၁၀ဝ၀ ကီလိုရှိ ကဖင်းမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ယင်းမူးယစ်ဆေးဝါးများမှာ ဒေသကာလပေါက်ဈေး ကျပ်သိန်း ၁၀ဝ၀ တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများ တွေ့ရှိသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03