News

POST TYPE

LATEST NEWS POST

ဟောင်ကောင်ကုမ္ပဏီက ကန်ဒေါ်လာ သန်း ၁၄၀ ကျော် ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမည်
24-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ဟောင်ကောင်အခြေစိုက် CNTIC VPower KY3 Limited က ရာနှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇ သန်း ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါလုပ်ငန်းက လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၆၅၈ ဒသမ ၈ သန်းထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရာခိုင်နှုန်းပြည့် ပြည်တွင်း၌ပင်အသုံးပြု သွားမည်ဖြစ်ကာ ၂၀ ရာခိုင်နှုန်းကို ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုများထံ ဖြန့်ဖြူးပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ၈၀ ရာခိုင် နှုန်းကို မဟာဓာတ်အားလိုင်းသို့ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“ဒီကုမ္ပဏီက ကျောက်ဖြူမြို့နယ်၊ ဂုံးဆင်ကျေးရွာအုပ်စုက မြေ ၂၁ ဧကမှာ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇ သန်း ရင်းနှီးမြှုပ်နှံပြီး ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်သွားမှာပါ။ ပြည်တွင်းမှာပဲ ရောင်းချမှာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသန့် စင်လွင်က ပြောကြားသည်။

ယင်း CNTIC VPower KY3 Limited သည် ကျောက်ဖြူမြို့နယ်တွင် လေးခုမြောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ဇကားကျေးရွာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမြေပေါ်၌ ၉၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ ကျောက် ဆည်တွင် ၁၄၅ ဒသမ ၄၉ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ သာကေတဓာတ်အားပေး စက်ရုံတွင် ၄၀၀ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံ လျက်ရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် အစိုးရအနေနှင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် လျှပ်စစ်ကဏ္ဍ၌ ဟောင်ကောင်ကအများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကာ နောက်ပိုင်းတွင်လည်း လျှပ်စစ်ကဏ္ဍ၌ ထပ်မံဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-11