News

POST TYPE

LATEST NEWS POST

တိုက်ရိုက်လိုင်းကားမရှိသဖြင့် ၄ မိုင်ခရီးကို ဒဂုံတက္ကသိုလ်ကျောင်းသားများ နေ့စဉ်လမ်းလျှောက်ကျောင်းတက်မည်
23-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ဒဂုံတက္ကသိုလ်အထိ တိုက်ရိုက်ယာဉ်လိုင်းမရှိခြင်းဟုဆိုကာ ကျောင်းသားများက ဇန်နဝါရီ ၂၃ ရက်မှစ၍ ၄ မိုင်ခန့် ခရီးကို နေ့စဉ်လမ်းလျှောက်၍ ကျောင်းတက်မည်ဖြစ်ကြောင်း ယင်းကျောင်းသမဂ္ဂထံမှ သိရသည်။

အဆိုပါလှုပ်ရှားမှု ပထမရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဦးဆောင်၍ တောင်ဒဂုံမှ ကျောင်းတက်သော ကျောင်းသား၊ ကျောင်းသူ ၃၀ ခန့်ပါဝင်ပြီး တံတားဖြူမှတ်တိုင် (ဒဂုံမြို့သစ်တောင်ပိုင်း) မှ ဒဂုံတက္ကသိုလ်အထိ ၂ နာရီကြာလမ်းလျှောက်၍ ကျောင်းတက်ခဲ့ကြသည်။ 

ယခုကဲ့သို့ လိုင်းကားတိုက်ရိုက်မရှိမှုကို တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးမှုမရှိပါက ယင်းလှုပ်ရှားမှုကို အရှိန်မြင့်၍ ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ယခုလှုပ်ရှားမှုသည် ဆန္ဒပြခြင်းမျိုးမဟုတ်ပဲ ယာဉ်လိုင်းအဆင်မပြေ၍ လမ်းလျှောက်၍ ကျောင်းတက်ရခြင်းဖြစ်ပြီး တာဝန်ရှိသူများနှင့် အခြားတက္ကသိုလ်များမှ ကျောင်းသားများပါ ယခု အခက်အခဲကိုသတိထားမိစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ 

 “ဆန္ဒပြတာ၊ သပိတ်မှောက်တာမဟုတ်ဘူး။ တောင်ဒဂုံကနေကားမရှိလို့ လမ်းလျှောက်တယ် ဒါပါပဲ” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အနုပညာနှင့် ပြန်ကြားရေးတွဲဖက်တာဝန်ခံ ကိုချစ်ယုံကပြောသည်။

ယခုကဲ့သို့ လမ်းလျှောက်ကျောင်းတက်ရခြင်းသည် ကျောင်းသားများအနေဖြင့် ကျောင်းချိန်အမှီရောက်ရန် ရရာကားကိုစီးနေရပြီး ကားကျပ်သောအခြေအနေများကြောင့် ခါးပိုက်နှိုက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ ကြုံတွေ့နေရကြောင်း၎င်းက ထပ်မံပြောသည်။

၂၀၁၇ မှစ၍ YBS ယာဉ်လိုင်းတစ်လိုင်းရရှိရေးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ YRTA အာဏာပိုင်အဆင့်ဆင့်ဖြင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ခဲ့ပြီး ၎င်းတို့က“ မကြာခင်အကောင်အထည်ဖော်မည်၊ အဆင်ပြေအောင်ဆောင်ရွက်ပေးမည်”ဟုသာပြောဆိုခဲ့ကြသည်ဟု ကိုချစ်ယုံက ပြန်လည်ပြောပြသည်။ 

ထို့အပြင် ၂၀၁၉ ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို နောက်ဆုံးအကြိမ် အိတ်ဖွင့်စာပေး၍ သတိပေးခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း၊ တာဝန်ယူဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ယင်း လမ်းကြောင်းကိုပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင် အစည်းအဝေးတွင်တင်ပြခဲ့သော်လည်း ပြေးဆွဲမည့် ယာဉ်များသည် YRTA မှ သတ်မှတ်ထားသော ကုမ္ပဏီပိုင်ယာဉ်ဖြစ်ရမည့်အချက်နှင့် မကိုက်ညီဘဲ ပုဂ္ဂလိကပိုင်ယာဉ်များဖြစ် နေသောကြောင့် ခဏဆိုင်းငံထားပြီး ကုမ္ပဏီပိုင်ယာဉ်များဖြစ်အောင် ဆောင်ရွက်ရမည်ကို အသိပေးခဲ့ကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ရှင်းပြသည်။

“အဲ့ဒီကုမ္ပဏီကမဆောင်ရွက်နိုင်ရင်ပြေးဆွဲမယ့် ယာဉ်လိုင်းတွေကိုဖိတ်ခေါ်ပြီး ဒီလမ်းကြောင်းပြေးဆွဲရေးအတွက်ကို စီစဉ်ပေးပါ့မယ်လို့ ကျောင်းသားသမဂ္ဂကလေးတွေကိုလည်း ကျွန်တော်တို့ဆီကဝန်ကြီးကိုယ်တိုင် ပြောပြလိုက်ပါတယ်။ ကုမ္ပဏီကလည်း သူတို့ပြေးဆွဲပရစေဆိုပြီး အခုယာဉ်တွေကိုကုမ္ပဏီပိုင်ဖြစ်အောင်လုပ်နေပါတယ်” ဟု၎င်းကပြောသည်။

ဒဂုံတက္ကသိုလ်တွင် အဝေးသင်နှင့် နေကျောင်းသားအဖြစ်  ကျောင်းတက်ရောက်သော ကျောင်းသား၊ ကျောင်းသူ ၇ သောင်းခန့်ရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

မောင်ကျော်ဖြိုး