News

POST TYPE

LATEST NEWS POST

ငွေစက္ကူအားလုံး ဗိုလ်ချုပ်ပုံဖြင့် အစားထိုးမည်၊ တိုင်းရင်းသားခေါင်းဆောင်ပုံများဖြင့် ထုတ်ဝေရန် မရှိသေးဟုဆို
23-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံအတွင်း လက်ရှိ လည်ပတ်သုံးစွဲနေသည့် ၅၀ ကျပ်တန်မှ ၁၀၀၀၀ ကျပ်တန်အထိ ပိုက်ဆံများကို ဗိုလ်ချုပ်အောင်ဆန်းပုံအမျိုးမျိုးဖြင့် အစားထိုးမည်ဖြစ်သော်လည်း အခြားတိုင်းရင်းသားခေါင်းဆောင်များပုံဖြင့် ငွေစက္ကူထုတ်ရန် အစီအစဉ်မရှိသေးကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားလိုက်သည်။ 

တိုင်းရင်းသားခေါင်းဆောင်များပုံဖြင့် ငွေစက္ကူထုတ်ရန် အစီအစဉ်ရှိမရှိမေးမြန်းချက်နှင့် ပတ်သက်၍ ၎င်းက “ပိုက်ဆံက ပုံစံအမျိုးမျိုးနဲ့ ပို့စကပ်ထုတ်လို ထုတ်တာမှ မဟုတ်တာ” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်ပုံတစ်မျိုးထည်းကိုသာ အသုံးပြုမည်ကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ခဲ့ကြပြီး ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် အခြားသော သင့်တော်သည့် တိုင်းရင်းသားခေါင်းဆောင်များပုံဖြင့်လည်း ထုတ်ဝေသင့်ကြောင်း အကြံပြုထားသည်။ 

“ဒီအစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုအသုံးပြုပြီး NLD ပုံရိပ်အတွက် အသုံးချနေတယ်ဆိုတာမျိုးကို ပြောခံနေရတဲ့အချိန်မှာ အခုထုတ်ထားပြီးသား တစ်ထောင်တန်အပြင် တခြားငွေကြေးတွေပါ ထပ်ထုတ်ရင် ပိုပြောခံရတာတွေ ဖြစ်လာနိုင်ပါတယ်” Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက သုံးသပ်သည်။ 

ထို့ပြင် နိုင်ငံတကာတွင်လည်း ယခုကဲ့သို့ ခေါင်းဆောင်တစ်ယောက်ထဲပုံဖြင့် ငွေစက္ကူထုတ်ခြင်းမှာ နည်းပါးပြီး အများအားဖြင့် ခေါင်းဆောင်အများအပြားပုံဖြင့် ထုတ်ဝေလေ့ရှိကြောင်း ၎င်းက ဆိုသည်။ 

ယခု ထပ်မံထုတ်လုပ်သွားမည့် ဗိုလ်ချုပ်ပုံပါငွေစက္ကူများတွင် လုံခြုံရေးများကိုအဆင့်မြှင့်တင်သည့် ဒီဇိုင်းများဖြင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး ငွေစက္ကူမှာ ဒီဇိုင်းပြောင်းလဲလိုက်ခြင်းသာဖြစ်ပြီး ယခင်အဟောင်းထုတ်လုပ်သည့်ပမာဏအတိုင်း ဆက်လက်ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

အဆိုပါငွေစက္ကူထုတ်ဝေခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ်များကို ဗဟိုဘဏ်မှ ငွေစက္ကူသစ်ထုတ်ဝေသည့် ကုန်ကျစရိတ်အနေဖြင့် သီးခြားသတ်မှတ်ထားခြင်းဖြစ်ပြီး ငွေစက္ကူတန်ဖိုးတစ်ခုချင်းစီအတွက် ထုတ်လုပ်မှုများကို ဖော်ပြထားခြင်းမရှိကြောင်း ယင်းဘဏ်ထံမှ သိရသည်။

“ဗိုလ်ချုပ်ပုံပိုက်ဆံတွေကိုတော့ အစားထိုးထုတ်သွားမယ်။ ကျန်တာတွေကိုလည်း အချိန်တော့ပြောလို့မရသေးဘူး စီးရီးအလိုက်ဆက်ထုတ်သွားမယ်။ ဘယ်လောက်တန်ကို စထုတ်မယ်ဆိုတာကတော့ နောက်ပိုင်းထုတ်ပြန်တဲ့အချိန်မှ ပြောလို့ရမယ်။ တစ်သောင်းတန်ဆို ဒီဇိုင်းတစ်မျိုးဖြစ်မယ်၊ ငါးထောင်တန်ဆို ဒီဇိုင်းတစ်မျိုးဖြစ်မယ် ဒီဇိုင်းတွေကတော့ ပြောင်းသွားမယ်” ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးစိုးဝင်းက ရှင်းပြသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဗိုလ်ချုပ်ပုံပါ ငွေကျပ် တစ်ထောင်တန်ထုတ်ဝေမှုကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်က စတင်ထုတ်ဝေခဲ့ပြီး အစိုးရနှင့် ပုဂလိကဘဏ်များမှတဆင့် ဇန်နဝါရီလ ၇ ရက်က စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ထပ်မံထုတ်ဝေမည့် ငွေစက္ကူများကိုလည်း အတုအပရန်ကာကွယ်နိုင်မည့် လုံခြုံရေးတိုးမြှင့်ထားသည့် ဒီဇိုင်များဖြင့် ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှသိရသည်။

ပြည့်ဖြိုးမြင့်မွန်