News

POST TYPE

LATEST NEWS POST

တရုတ်အပြန်မှာ ရခိုင်အတွက် ဘာတွေချန်ထားခဲ့သလဲ
23-Jan-2020

                                                                                                                                                      (တစ်)
၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ကံကောင်းခြင်းတွေကို ယူဆောင်လာခဲ့သလား သို့မဟုတ် အိမ်နီးချင်းတရုတ်နိုင်ငံအတွက် ကံကောင်းခြင်းများကို ယူဆောင်လာခဲ့လေသလားဟု စဉ်းစားစရာဖြစ်သည်။ဇန်နဝါရီလ ၁၇ရက်နေ့က တရုတ်နိုင်ငံတော်သမ္မတ Xi Jinping မြန်မာနိုင်ငံသို့ ၂ ရက်တာ ခရီးရောက်ရှိလာခဲ့သည်။တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာပြည်သူလူထုကို အတော်အတန် ဆွဲဆောင်နိုင်ခဲ့သော ခရီးစဉ်တစ်ခုဟုဆိုနိုင်သည်။တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်ပဋိပက္ခများလျှော့ချနိုင်ရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လျင်မြန်သွက်လက်လာရေးအတွက် လက်ဆောင်ကောင်းများ ပါလာမည်လားဟု နိုင်ငံရေးအသိုင်းအဝိုင်းကတွေးသည်။ထို့အတူ တရုတ်သမ္မတသည် သူ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ မည်သည့်စီးပွားရေးစီမံကိန်းများကို ခါးပိုက်ပိုက်ကာ ပြန်သွားလေမည်နည်းဟု တွေးသူများလည်းရှိခဲ့သည်။အထူးသဖြင့် တရုတ်၏ မဟာစီးပွားရေးစီမံကိန်းများတည်ရှိရာ ရခိုင်ပြည်နယ်နှင့် ရခိုင်လူထုတို့က တရုတ်သမ္မတ Xi Jinping ၏ ခရီးစဉ်ကို ပိုမိုဂရုတစိုက် စောင့်ကြည့်ခဲ့ကြသည်။ 

တရုတ်သမ္မတ Xi Jinping ၏ ခရီးစဉ်ကို မြန်မာလူထု စိတ်ဝင်စားခဲ့ခြင်းမှာလည်း မမှားဟုဆိုနိုင်သည်။တကယ့် လက်တွေ့တွင်လည်း တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် နှစ်နိုင်ငံအကြားသဘောတူညီချက် ၃၃ ခုအထိရရှိခဲ့ပြီး နှစ်ပေါင်း ၂၀ ခန့်အတွင်း သဘောတူညီချက်အများဆုံးခုနှစ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ထို နှစ်နိုင်ငံသဘောတူညီချက် ၃၃ ခုထဲတွင် သဘောတူစာချုပ် ၆ ခု၊ သဘောတူညီချက် ၄ ခု၊ စာလွှာ ၉ ခုနင့် နားလည်မှုစာချွန်လွှာ ၁၁ ခုတို့ပါဝင်နေကြောင်းဆိုသည်။ရခိုင်ပြည်နယ်ထဲမှ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် သက်ဆိုင်သောသဘောတူစာချုပ်နှင့်အစုရှယ်ယာများနှင့် သက်ဆိုင်သောသဘောတူစာချုပ်တို့ကို ချုပ်ဆိုနိုင်ခဲ့သည်။ထူးခြားသည်မှာ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသဘောတူညီခဲ့ကြသော အချက်ပေါင်း ၃၃ ချက်ထဲတွင် ကချင်ပြည်နယ်မှ မြစ်ဆုံကိစ္စပါမလာခဲ့ဘဲ ရခိုင်ပြည်နယ်အတွင်းမှ စီမံကိန်းအများစု ပါဝင်နေခြင်းပင် ဖြစ်သည်။ 

                                                                                                                                                    (နှစ်)
၂၁ ရာစု ရခိုင်ပြည်နယ်သည် တောင်အာရှကို လွှမ်းမိုးထားသော အိန္ဒိယနှင့် အရှေ့တောင်အာရှကို လွှမ်းမိုးထားသော တရုတ်နိုင်ငံတို့အတွက် မျက်စိကျလောက်စရာပြည်နယ်တစ်ခု ဖြစ်နေသည်။ရခိုင်ပြည်နယ်၏ ရှည်လျားစွာတည်ရှိနေသော ပင်လယ်ကမ်းရိုးတန်း ထွက်ပေါက်နှင့် ပထဝီအနေအထားက နိုင်ငံရေးပါဝါ ချဲ့ထွင်လိုသော အင်အားကြီးနိုင်ငံများကို အကြိုက် တွေ့စေသည်။အထူးသဖြင့် ကမ္ဘာ့ပါဝါချိန်ခွင်လျှာညှိနေသော တရုတ်နိုင်ငံအတွက် ရခိုင်ပြည်နယ်သည် သောက်လေသောက်လေ ငတ်မပြေသောအခြေအနေတွင် တည်ရှိနေသည်ဟုဆိုနိုင်၏။ ရခိုင်ပြည်နယ်သည် တရုတ်တို့၏ စွမ်းအင်လိုအပ်ချက်ချက်နှင့် BIR အိပ်မက်အတွက် အဓိက ဦးတည်ချက်တစ်ခု ဖြစ်နေသည်။ 

လက်ရှိ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံအတွက် အဆီတဝင်းဝင်း၊ သဲတရှပ်ရှပ် အနေအထားဟု ဆိုနိုင်သည်။ဘင်္ဂါလီအရေးနှင့် ပတ်သက်လျှင် ကမ္ဘာမှ ရခိုင်ပြည်နယ်ကို မျက်စိဒေါက်ထောက်ကြည့်ခြင်းခံနေရသည်။သို့သော် ရခိုင်ပြည်နယ်သည် စီးပွားရေးအရ မဟာဗျူဟာကျသောပြည်နယ်တစ်ခုအဖြစ်လည်း သွားရည်ကတမြမြကျကြသည်။၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တစ်ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီအရေးကိစ္စများသည် အနောက်နိုင်ငံများအဖို့ ရခိုင်ပြည်နယ်ကိုအာရုံ စိုက်စရာအကြောင်းဖြစ်လာခဲ့သည်။အခြားတစ်ဖက်တွင် အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများက ရခိုင်  ပြည်နယ်၏ ပထဝီအနေအထားမဟာဗျူဟာကျမှု နှင့် သယံဇာတပေါများမှုကို မျက်စိကျစရာဖြစ်လာခဲ့ကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် ဘင်္ဂါလီအရေးကိစ္စများတွင် ကမ္ဘာ့ဖိအားများကို မြန်မာနိုင်ငံဘက်မှကာကွယ်ရပ်တည်ကြောင်းပြသရင်း တစ်ဖက်မှ လည်း ရခိုင်ပြည်နယ်ရှိ သူ၏စီမံကိန်းများကို နှာတစ်ဖျားအသာစီးဖြင့် အကောင်အထည်ဖော်နေနိုင်ခဲ့သည်။သို့သော် ရခိုင်ပြည်နယ်ထဲမှ တရုတ်စီမံကိန်း အများစုကို ပြည်နယ်နှင့် လူထုအတွက် အကျိုးအမြတ်မပါသော စီမံကိန်းများအဖြစ်သာ ရှုမြင်လျက်ရှိသည်။ လက်ရှိအချိန်တွင်လည်း တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်မှ စီမံကိန်းများကို လက်မှတ်ထိုးခြင်းများပါဝင်နေသဖြင့် ရခိုင်လူထု၏ သက်ပြင်းချသံများကိုကြားနေရပြန်သည်။ထို့အပြင် နိုင်ငံတော်အစိုးရအပေါ်တွင်လည်း ရခိုင်လူထု၏ ဝေဖန်မှုက မြင့်တက်လာခဲ့သည်။ 

                                                                                                                                                      (သုံး)
"တရုတ်သမ္မတခရီးစဉ်မှာ ရခိုင်ပြည်နယ်ထဲက စီမံကိန်းတွေကို လက်မှတ်ထိုးပေးလိုက်တာကတော့ ကျွန်တော်ထင်တယ်… အခုလာမယ့် ဇန်နဝါရီလ၊ ၂၃ မှာ ICJ က မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့အမှုကို ဆုံးဖြတ်ချက်ချမယ်။ ICJ ကဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့တွက်ချက်နိုင်တယ်။ တကယ်လို့ UN က တစ်ခုခုဒဏ်ခတ် ပိတ်ဆို့ လာပြီဆိုရင် မြန်မာနိုင်ငံအနေနဲ့ တာဝန်ခံပေးမယ့် မိတ်ဆွေလိုအပ်လာမယ်။နောက်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတွေမှာ တရုတ်က သြဇာကြီးမားတဲ့ အနေအထားမှာ ရှိနေတယ်။ အခုသမ္မတကိုယ်တိုင် လာပြီးတော့ မြန်မာနိုင်ငံက ပရောဂျက်တွေကို လက်မှတ်ထိုးတဲ့ကိစ္စဟာ တကယ်လို့ ICJ ဘက်က မြန်မာနိုင်ငံကိုပိတ်ဆို့ခဲ့ရင်တောင် တရုတ်က မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအများစုကို ရယူထားနိုင်အောင်လုပ်တာလို့ ထင်ပါတယ် ..."

တရုတ်သမ္မတ Xi Jinping ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်မှစီမံကိန်းများကို အပြီးသတ် လက်မှတ်ရေးထိုးလိုက်ခြင်းနှင့်ပတ်သက်၍ ရခိုင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ ကိုထွန်းကြည်က သူ၏ ထင်မြင်ယူဆချက်ကို ပြောပြခြင်းဖြစ်သည်။ ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်သည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်အတွင်းမှ စီမံကိန်းကြီး များကိုရပ်တန့်ပေးထားရန် တောက်လျှောက်ကန့်ကွက် လာခဲ့ကြောင်းဆိုသည်။ စီမံကိန်းများရပ်တန့်ပေးရန် လူထုလက်မှတ် (သုံးသိန်း) ကောက်ခံခြင်းနှင့် စစ်တွေမှ ကျောက်ဖြူသို့ လူထုလမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။ 

တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီက ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်၏ ဆုံးဖြတ်ပိုင်ခွင့်၊ စီမံပိုင်ခွင့်နှင့် ထိန်းသိမ်းနိုင်ခွင့်မရှိသော ၂၀၁၈ ဖွဲ့စည်းပုံအောက်မှ စီမံကိန်းများကို ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုကို မတည်ဆောက်နိုင်သေးခင်ကာလအတွင်း ရပ်တန့်ပေးထားရန် တောင်းဆိုထားသည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် စီမံကိန်းများကို လုပ်ဆောင်မည်ဆိုပါကလည်း ၂၀၁၈ ဖွဲ့စည်းပုံတွင် ပြည်နယ်များအတွက် ပေးထားသော ဖွံ့ဖြိုးပိုင်ခွင့် အခွန်အခများ၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် လူထု၏သဘောထားရယူမှု များမပါရှိသည့်အတွက် အကောင်အထည်ဖော်သော စီမံကိန်းမှန်သမျှ ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းလာ လိမ့်မည်မဟုတ်ကြောင်း ကိုထွန်းကြည်ကဆိုသည်။ 

                                                                                                                                                       (လေး)
"မြစ်ဆုံစီမံကိန်းက တရုတ်အတွက် အဓိကနေရာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့  တောင်တရုတ်ပင်လယ်ထဲမှာရှိနေတဲ့ နိုင်ငံတွေအားလုံးက အနောက်အုပ်စုနဲ့ နီးစပ်ပြီးတော့ တရုတ်နဲ့မတည့်တဲ့နိုင်ငံတွေ ပိုများတယ်။ဒါကြောင့် တောင်တရုတ်ပင်လယ်ဟာ တရုတ်အတွက် စစ်ရေးမဟာဗျူဟာထွက်ပေါက်တစ်ခုမဟုတ်ဘူးလို့ တွက်နိုင်တယ်။နောက်တစ်ခုက တရုတ်ရဲ့လောင်စာလိုအပ်ချက်၊ စွမ်းအင်လိုအပ်ချက်ဟာ မြစ်ဆုံနဲ့ မလုံလောက်ဘူး။ဘယ်နည်းဖြစ်ဖြစ် ကျောက်ဖြူကိုတော့ ရအောင်ယူမှာပဲ ... ကျောက်ဖြူကိုရမှပဲ အိန္ဒိယသမုဒ္ဒရာ တစ်စိတ်တစ်ပိုင်းကို လွှမ်းမိုးလာနိုင်မယ်လို့ သူတို့တွေးလိမ့်မယ်။အခုလည်း တရုတ်စွမ်းအင်စီမံကိန်းတွေ ကျောက်ဖြူ မှာရှိနေတယ်။ အဲဒီစီမံကိန်းတွေမှာ အခြေတည်ပြီးတော့ တရုတ်လွှမ်းမိုးမှုကို သူတို့ကြိုးစားပါလိမ့်မယ်။ ဒါကြောင့် မြစ်ဆုံကတော့ တရုတ်အတွက် အဓိကလိုအပ်ချက်မဟုတ်ပါဘူးလို့ ထင်ပါတယ်..."

တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံသဘောတူညီချက်ရယူနိုင်ခဲ့သောစီမံကိန်းများအနက် မြစ်ဆုံစီမံကိန်း ပါဝင်ခြင်းမရှိသည့်အပေါ် ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် မှ ကိုထွန်းကြည်၏ သုံးသပ်ချက်ဖြစ်သည်။တရုတ် သည် မြန်မာနိုင်ငံအပေါ်တွင် သြဇာလွှမ်းမိုးမှုရှိကြောင်းနှင့် တရုတ်၏ နိုင်ငံခြားရေးမူဝါဒသည်လည်း မြန်မာနိုင်ငံအပေါ်တွင် ပိုမိုထူးခြားမှုရှိကြောင်း သူကဆိုသည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းမှ အတိုက်အခံများနှင့် တည့်အောင်ပေါင်းသကဲ့သို့ အစိုးရနှင့်လည်း သင့်အောင်ပေါင်းကြောင်း ထောက်ပြသည်။ထိုအခြေအနေမျိုးတွင် မြန်မာနိုင်ငံအတွင်းမှ ပြည်တွင်းစစ်ကို ငြိမ်းအောင်မလုပ်ဘဲ သို့မဟုတ် တိုင်းရင်းသားတွေ တန်းတူညီမျှခြင်းကို ရအောင်မလုပ်ဘဲ စီမံကိန်းများကိုသာ တောက်လျှောက်လက်ခံ နေမည်ဆိုပါက  မြန်မာနိုင်ငံအပေါ်တရုတ်၏တရုတ် ဩဇာလွှမ်းမိုးမှုက လက်ရှိထက်ပိုမိုကြီးထွားလာနိုင်ကြောင်း သူကဆိုသည်။ ထို့အပြင် လက်ရှိ NLD အစိုးရသည် ရွေးကောက်ခံပြည်သူ့အစိုးရဟုဆိုသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီမှ အစိုးရဦးဆောင်ဖွဲ့စည်းခွင့်ကို လျစ်လျူရှုခဲ့ပြီး လက်ရှိအချိန်တွင်လည်း ရခိုင်ပြ
ည်နယ်ထဲမှ စီမံကိန်းများအတွက် ရခိုင်ထုတို့၏ သဘောထားကို လျစ်လျူရှုထားကြောင်း ကိုထွန်းကြည် ကဆိုသည်။ 

                                                                                                                                                           (ငါး)
မည်သို့ပင်ဆိုစေ။ လက်ရှိအချိန်တွင် တရုတ်သမ္မတ၏ မြန်မာနိုင်ငံသို့ နှစ်ရက်တာခရီးစဉ်သည် အဆုံးသတ်သွားခဲ့ပြီးဖြစ်၏။တရုတ်သည် သူ့နိုင်ငံ၏ အကျိုးစီးပွားအတွက် သိမ်းထုတ်ကာ ပြန်သွားခဲ့သလား။တရုတ်ခရီးစဉ်မှ မြန်မာနိုင်ငံအတွက် မည်သည့် အကျိုး အမြတ်ရရှိခဲ့သနည်း၊ တိုင်းရင်းသားဒေသနှင့် တိုင်းရင်းသားလူမျိုးများအတွက် မည်သည့်အကျိုးအမြတ်များရရှိခဲ့သနည်းဟု သုံးသပ်သံများကို ကြားရသည်။မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် တရုတ်ယွမ် (၄ ဘီလီယံ)၊ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော်ကို လာမည့်သုံးနှစ်အတွင်း ကူညီသွားမည်ဆိုသော အမှာစကားတစ်ခု ချန်ထားသွားရစ်သည်ကိုတော့ တွေ့ရသည်။ တရုတ်တို့၏ အဓိက စီးပွားရေးလုပ်ငန်းများတည်ရှိရာ ရခိုင်ပြည်နယ်နှင့်ရခိုင်လူမျိုးတို့အတွက် မည်သည့်အရာများ ချန်ထား ခဲ့ပါသနည်း။တရုတ်အပြန်တွင် ရခိုင်တို့အတွက် ဘာကျန်ခဲ့ပါသနည်းဟုသာ ။

ရက္ခ