News

POST TYPE

LATEST NEWS POST

YRTA နှင့် ပတ်သက်ပြီး စာရင်းစစ်ဆေးပိုင်ခွင့်မရှိဟုဆို
23-Jan-2020

YRTA အနေနှင့် ကျပ်ငွေ သန်းပေါင်း သုံးထောင့်ရှစ်ရာကျော် အရှုံးပေါ်နေသည်ဟု ဆိုသည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းထားသော YRTA ကုမ္ပဏီနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ စာရင်းစစ်ချုပ်အဖွဲ့က စစ်ဆေးပိုင်ခွင့်မရှိကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအဖွဲ့ဝင် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့အဖြစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ၂၀၁၇-၁၈ ခုနှစ်၊ စာရင်းစစ်ချုပ် အစီရင်ခံစာ စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

“YRTA ကုမ္ပဏီဟာ အထူးကုမ္ပဏီအက်ဥပဒေနဲ့ ဖွဲ့စည်းထားတယ် ဆိုပြီးတော့ အစိုးရက ခန့်အပ်ထားတဲ့ စာရင်းစစ်ချုပ်တွေက စာရင်းစစ်ဆေးပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် အစိုးရအဖွဲ့ အစည်းလား၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလားဆိုတာ မေးမြန်းစရာ ရှိလာပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယကအဖြစ် ဦးစီး ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၁ ဦးဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့က ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်လျက်ရှိသည်။ 

“YRTA ဟာ အများနဲ့ သက်ဆိုင်တဲ့ကုမ္ပဏီလို့ ဆိုထားတယ်။ ဒါကြောင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုရင် နိုင်ငံတော်ကို အခွန်ထမ်းဆောင်ရမယ်။ နိုင်ငံဝန်ထမ်းဖြစ်တဲ့ အစိုးရ ဝန်ထမ်းတွေ၊ ဝန်ကြီးတွေဟာ ဒါရိုက်တာ အဖွဲ့ဝင်တွေအဖြစ် ဆောင်ရွက်ဖို့ မလိုအပ်ဘူး” ဟု ဒေါ်စန္ဒာမင်းကဆိုသည်။

ယင်းကုမ္ပဏီအနေနှင့် ကျပ်ငွေသန်းပေါင်း သုံးထောင့်ရှစ်ရာကျော် အရှုံးပေါ်နေကာ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ် အစီရင်ခံစာအရ အရင်းပြုတ်မည့် အနေအထားဖြစ်နေကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း ဝေဖန်ထောက်ပြထားသည်။

ဇော်မိုးလွင်