News

POST TYPE

LATEST NEWS POST

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်အပါအဝင် သုံးဦးကို တရားရုံးက ဖမ်းဝရမ်းထုတ်
23-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကော့သောင်းမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ၌ တပ်မတော်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော ပြောဆိုမှုများ ပါဝင်သည်ဟုဆိုကာ တပ်မတော်က တရားရုံးကို ဦးတိုက်လျှောက်ထားသည့်အတွက် ဇန်နဝါရီ ၂၁ ရက်နေ့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်အပါအဝင် သုံးဦးကို ဖမ်းဝရမ်း ထုတ်ထားသည်။

တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ ကိုစောဝေတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “တပ်မတော်က ငါကအာဏာရှိတယ်၊ လက်နက်ရှိတယ်ဆိုပြီး အနိုင်ကျင့်တာပေါ့။ ဘာမှ ထိခိုက်အောင်မပြောဘဲနဲ့ တမင်အပြစ်ရှာပြီးတော့ အနိုင်ကျင့်တာပေါ့။ အုပ်ချုပ်ရေးလည်း ဝင်စွက်ဖက်လို့ရတယ်ဆိုပြီး လုပ်တာပေါ့” ဟု မှတ်ချက်ပေးသည်။

အဆိုပါတရားစွဲဆိုမှုကို စုံစမ်းစစ်ဆေးမှု မပြုလုပ်ရသေးသည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စစ်ဆေးပေးရန် တရားစွဲဆိုခံရသူတို့က စာတင်ထားပြီး ရုံးချိန်းကို ဖေဖော်ဝါရီ ၃ ရက်နေ့သို့ချိန်းဆိုထားကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီ ထောက်ခံပွဲကို မြို့မိမြို့ဖများ၏ ဖိတ်ကြားမှုဖြင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ကဗျာဆရာ စောဝေတို့က ဟောပြောခဲ့ခြင်း ဖြစ်သည်။

တပ်မတော်က တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အိုလံပစ်တာဝါ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။

NLD အစိုးရသက်တမ်း တစ်လျှောက်တွင် တပ်မတော်က တရားစွဲဆိုခဲ့မှု ၄၇ မှု ရှိခဲ့ပြီး တရားစွဲဆိုခံရသူ ၉၆ ဦးရှိကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ၁၁ မှုရှိခဲ့ပြီး တရားစွဲဆိုမှုများသည် ၂၀၁၆ တွင် ၉ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၇ တွင် ၂၃ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၉ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း အသံအဖွဲ့ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့) ၏ စစ်တမ်းအရ သိရသည်။

နှင်းနုဝင်း