News

POST TYPE

LATEST NEWS POST

YBS ယာဉ်ပေါ် ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်သည့်ယာဉ်မောင်းအား ဖမ်းဆီး
22-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနရှိ YBS (၄) ယာဉ်လိုင်းဂိတ်တွင် ယာဉ်ပေါ်ပါ ခရီးသည်အမျိုသမီးတစ်ဦးကို ယာဉ်မောင်းက အဓမ္မပြုကျင့်ခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခရီးသည်ယာဉ်ပေါ်တွင် အဓမ္မပြုကျင့်ခံရသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် ၎င်း၏ သူငယ်ချင်းတစ်ဦးမှာ ကျန်းမာရေးမကောင်းသဖြင့် သွားရောက်ပြုစုပေးပြီးနောက် ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီခွဲတွင် ဂန္ဒီမှတ်တိုင်မှ YBS (၄) ယာဉ်စီး၍ ၎င်းနေအိမ်သို့ ပြန်လာခဲ့သည်။

ယင်းသို့ ပြန်လာစဉ် အဆိုပါ အမျိုးသမီးမှာ ယာဉ်မောင်း၏ အနောက်ထိုင်ခုံတွင် နေရာရသဖြင့် ထိုင်စီးလာခဲ့ရာမှ ခေါင်းမူး၍ မှိန်းနေရာ ၎င်းဆင်းရမည့် ၆၅ မှတ်တိုင်တွင် မဆင်းမိဘဲ ယုဇနမှတ်တိုင်အထိ လိုက်ပါသွားခဲ့ကြောင်းနှင့် ယာဉ်မောင်းက ယုဇနတွင် ဂိတ်ဆုံးမည်ဖြစ်၍ ယာဉ်မှာ ချက်ချင်းပြန်ထွက်မည်ဖြစ်ကြောင်း ပြောသဖြင့် အခြားခရီးသည်များ ယာဉ်ပေါ်မှ ဆင်းသွားသော်လည်း အမျိုးသမီးမှာ ယာဉ်ပေါ်တွင် ကျန်ရှိနေခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ခရီးသည်များ ယာဉ်ပေါ်မှ ဆင်းသွားချိန် ယာဉ်မောင်းအမျိုးသားက ယာဉ်ရှိ တံခါးပေါက်များကို လိုက်လံပိတ်ပြီး ထိုင်ခုံတွင် ထိုင်နေသည့် ခရီးသည် အမျိုးသမီးကို ယာဉ်ကြမ်းခင်းပေါ်သို့ ဆွဲလှဲပြီး ချုပ်နှောင်၍ အဓမ္မပြုကျင့်ခဲ့ကာ ယင်းဖြစ်စဉ်ကို မည်သူမျှအသိမပေးရန် အမျိုးသမီးအား ၎င်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ယင်းနောက် အမျိုးသမီးကို အခြား YBS (၄) ခရီးသည်တင်ယာဉ်တစ်စီးပေါ် ၎င်းက တင်ပေးခဲ့သဖြင့် အမျိုးသမီးမှာ ၆၅ မှတ်တိုင်အရောက်တွင် ယာဉ်ပေါ်မှ ဆင်းပြီး မှတ်တိုင်အနီးရှိ ၆၀/၆၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံ ဝင်ရောက်ကာ ဖြစ်စဉ်ကို ပြောပြအသိပေးခဲ့သဖြင့် ပြစ်မှုကျူးလွန်သည့် ယာဉ်မောင်း ပြုံးကိုကို (၃၅) နှစ်ကို ဖမ်းဆီးခဲ့သည်။

ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် ယာဉ်မောင်း ပြုံးကိုကိုအား ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ (ပ) ၈၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03